ငရုတ်သီးဈေးကောင်းရရှိရန် ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများမှ ငရုတ်စိုက်တောင်သူများ မျှော်လင့်နေ

 

ပခုက္ကူ  ဇန်နဝါရီ  ၂၁
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် ငရုတ်သီးစိုက်ပျိုးနေကြသည့် တောင်သူများ အနေဖြင့်    ငရုတ်သီးဈေးကောင်းရရှိရေး အတွက် မျှော်လင့်နေကြောင်း သိရသည်။ 
ကျွန်းဦးကျေးရွာမှ ငရုတ်စိုက်တောင်သူ တစ်ဦးက  “အရင်နှစ်တွေက ပခုက္ကူမြို့ပေါ် ဈေးကွက်မှာ  ငရုတ်သီးအစို တစ်ပိဿာကို ကျပ်၂၅၀၀ ကနေ  ၃၀၀၀ အထိ ဈေးရတယ်၊ အခုနောက်ပိုင်းနှစ်တွေမှာ  ဈေးသိပ်မရတော့ ဘူး၊ စားသုံးသီးနှံဆိုလို့ ငရုတ်သီးပဲ အဓိက စိုက်ပျိုးထားပြီး အခြားသီးနှံ အနည်းအကျဉ်းပဲ ရှိတာဆိုတော့   ငရုတ်သီးဈေးကောင်းဖို့ပဲ မျှော်နေရတာပေါ့” ဟု  ပြောသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငရုတ်သီးကို    စီးပွားဖြစ်စိုက်ပျိုးကြပြီး ပခုက္ကူမြို့ အမှတ်(၁)စည်ပင်သာယာဈေးကြီး အပါအဝင် ယာယီပျံကျဈေးများသို့ လက်လီ၊ လက်ကားစနစ်ဖြင့် တင်ပို့ရောင်းချကြောင်း၊ လက်ရှိအချိန်တွင် ငရုတ်စိုက်တောင်သူများ အနေဖြင့် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်  ကျပ် ၁၀၀၀ မှ ၂၀၀၀ အထိ  ဈေးနှုန်းများဖြင့် ရောင်းချနေရကြောင်း၊ ငရုတ်သီးစိုက်ခင်းများ တွင် အခြားသီးနှံများကိုလည်း သီးထပ်၊ သီးညှပ် အဖြစ် စိုက်ပျိုးလုပ်ကိုင်ကြောင်း သိရသည်။ 
ခရိုင်(ပြန်/ဆက်)