ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို ယမန်နှစ်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲနိုင်ရန် ဖွင့်လှစ်သွားမည်

 

ရန်ကုန်   နိုဝင်ဘာ   ၁၀


ပင်လယ်ကမ်းခြေ   အပန်းဖြေခရီးစဉ်များ အနက် ခရီးသွားအများစုဝင်ရောက်ရာ   ငပလီ ကမ်းခြေတွင်  ယမန်နှစ်ကဲ့သို့   ဆောင်းဦး ပွဲတော်ကို ခရီးသွားများ  စည်ကားသိုက်မြိုက် စွာ ပါဝင်ဆင်နွှဲနိုင်ရန် နိုဝင်ဘာ ဒုတိယပတ်နှင့် တတိယပတ်အတွင်း  ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 


ရခိုင်ပြည်နယ်  ဟိုတယ်နှင့်  ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ    ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင်က     “ဒီနှစ်မှာ     ငပလီ အပန်းဖြေစခန်းသာမက မာန်အောင်ကျွန်းကို လည်း သွားရောက်အပန်းဖြေကြမယ့်ခရီးစဉ် တွေ ရှိနေတယ်လို့ ကြားရပါတယ်။ ခရီးစဉ် အသစ်နဲ့  ပတ်ဝန်းကျင်အသစ်မှာ   မြန်မာ ပြည်သူတွေ  စိတ်လက်ပေါ့ပါးစွာ  ခရီးသွား အပန်းဖြေမှုကို ကြိုဆိုပါတယ်။   ငပလီမှာ နိုင်ငံခြားခရီးသွားတွေ အရင်လောက်မများ ပေမယ့် ဝင်ရောက်နေဆဲဖြစ်တာကြောင့် ကမ္ဘာ့ ခရီးသွားကဏ္ဍမှာ  မြန်မာနိုင်ငံက   ငပလီ ကမ်းခြေကို အသိအမှတ်ပြုထားဆဲ တွေ့ရ တာဟာ   ဂုဏ်ယူစရာပါ။     ပွင့်လင်းရာသီ ဆောင်းဦးပွဲတော်မှာ အပန်းဖြေခရီးသွားတွေ ပျော်ပျော်ရွှင်ရွှင်စည်စည်ကားကားနဲ့  ပါဝင် ဆင်နွှဲနိုင်အောင်   နိုဝင်ဘာဒုတိယပတ်မှာ ဖြစ်စေ၊ တတိယပတ်မှာဖြစ်စေ   ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်” ဟု ပြောသည်။

 


ခရီးသွားအများဆုံးဝင်ရောက်၍ 
အလုပ်အကိုင်များပွင့်လန်းခဲ့


ယမန်နှစ် ပွင့်လင်းရာသီ နိုဝင်ဘာ ၁၄ ရက် က ငပလီကမ်းခြေ၌   ဆောင်းဦးပွဲတော်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ရာ အပန်းဖြေခရီး သွားများ အထူးနှစ်ခြိုက်ခဲ့ကြပြီး လေကြောင်း လိုင်းများ ပုံမှန်ထက် ပိုမိုပြေးဆွဲခဲ့ရသည့်အပြင် ကုန်းလမ်းခရီးမှလည်း ခရီးသွားများ တစ်ဖွဲဖွဲ ဝင်ရောက်ခဲ့သည်။  ဖွင့်လှစ်သောဟိုတယ်များ အခန်းပြည့်ခဲ့သောကြောင့်   နေအိမ်များမှ အစားအသောက်များကို ချက်ပြုတ်ပေးရသည် အထိ ခရီးသွားများစည်ကားခဲ့ပြီး   သင်္ကြန် ကာလတွင် ခရီးသွား အများဆုံးဝင်ရောက်ခဲ့ သည်။ မတ်လမှစ၍ သီတင်းကျွတ်၊ တန်ဆောင် တိုင်အထိ တစ်ဆက်တည်း ခရီးသွားဝင်ရောက် ခဲ့သော   ငပလီတွင်   ဆောင်းဦးပွဲတော်မှစ၌ စည်ကားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ခုနှစ်ခရီးသွား ရာသီတွင် ငပလီသည်   အပန်းဖြေခရီးသွား အများဆုံးဝင်ရောက်ခဲ့ရာ ခရီးသွားဒေသတစ်ခု အဖြစ်   ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ၊ ဟိုတယ်များနှင့်  ဒေသခံများ   အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်လန်းခဲ့သည်။

 


ယမန်နှစ် ဆောင်းဦးပွဲတော်တွင်  ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် အပန်းဖြေခရီးသွားများ ပျော်ရွှင်စေရန် သဲသောင်ပြင်ဘော်လီဘောပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ သဲပန်းချီပြိုင်ပွဲ၊  မီနီမာရသွန်ပြေးပွဲ၊ စက်ဘီးစီးပြိုင်ပွဲနှင့် ညပိုင်းတွင် တေးဂီတ ဖျော်ဖြေပွဲတို့ဖြင့်   ငပလီကမ်းခြေ အပန်းဖြေ စခန်း၏   ခရီးသွားရာသီကို   အောင်မြင် စည်ကားစွာ  ဖွင့်လှစ်ခဲ့သည်။

 


သဲသောင်ပြင်ပျော်ပွဲရွှင်ပွဲများဖြင့်ကြိုဆိုနေ


ကမ္ဘာ့ကပ်ရောဂါ       ဖြစ်ပွားချိန်မှစ၍  ပြည်တွင်းခရီးသွားကဏ္ဍနှင့် ပင်လယ်ကမ်းခြေ အပန်းဖြေလုပ်ငန်းများ ယာယီရပ်နားခဲ့ပြီး ၂၀၂၁   ခုနှစ်တွင်    မြန်မာ့ခရီးသွားကဏ္ဍ ပြန်လည်သက်ဝင်ခဲ့သောကြောင့် ပြည်တွင်း၌ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည် ပွင့်လန်းလာချိန်တွင် ယခုလို ပွင့်လင်းရာသီ အတွင်း ငပလီကမ်းခြေသို့ ပြည်တွင်း ပြည်ပ ခရီးသွားများ    စိတ်အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေ        အနားယူနိုင်ရန် သဲသောင်ပြင်ပျော်ပွဲရွှင်ပွဲများဖြင့် ကြိုဆိုနေ ကြောင်း သိရသည်။


ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး