ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီ ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင်

 

ငဖဲ   ဒီဇင်ဘာ  ၁၇
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် အာရေဗီးကား(ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုးများကို စိုက်ပျိုးထားရာ  ယနေ့အထိ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်    တောင်ပေါ်ဒေသ   (နတ်ရေကန်)သည်   မင်းဘူး - အမ်းသွား  ကားလမ်းဘေးတွင် တည်ရှိပြီး  ဒေသခံတောင်သူများက  ကော်ဖီ၊  လက်ဖက်၊  ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊  ရှောက်ချို၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော၊  သံပရာ စသည့် နှစ်ရှည်သီးနှံပင်များနှင့်အတူ   ကော်ဖီကို   ရောနှောစိုက်ပျိုးကြသည်။ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန   ကော်ဖီရာသီ- သီးနှံဌာနခွဲ   ကော်ဖီခြံ(နတ်ရေကန်)တွင်   အာရေဗီးကား    ကုန်းမြင့် ကော်ဖီမျိုး ၂၉ ဧက စိုက်ပျိုးထားပြီး တောင်ပေါ်ဒေသ ကျေးရွာ ၁၀ အုပ်စုတွင် စုစုပေါင်း ၁၀၈၅ ဧက  စိုက်ပျိုးထားသည်။
ယခုအခါ ကော်ဖီသီးနှံတိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းအရ   ငဖဲမြို့နယ် တွင် ငါးနှစ်တာကာလအတွင်း  ကုန်းမြင့်ကော်ဖီ (အာရေ ဗီးကား) ဧက ၁၂၅၀၀ကို  တစ်နှစ်လျှင်   ဧက ၂၅၀၀   နှုန်းဖြင့် တောရိုင်း၊ မြေရိုင်းနှင့် သစ်တောကြိုးဝိုင်းဧရိယာများတွင်   တိုးချဲ့စိုက်ပျိုးနိုင်ရေး   လျာထား ထား ဆောင်ရွက်လျက်ရှိသည်။  လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တောရိုင်း၊ မြေရိုင်းဧရိယာတွင်  ဧက ၈၅၀၊  သစ်တောကြိုးဝိုင်းဧရိယာ တွင်    ဧက ၁၆၅၀  စုစုပေါင်း ဧက ၂၅၀၀ ကို   ကော်ဖီအဓိကစိုက်ပျိုး ထုတ်လုပ်ရောင်းချသည့် လိုင်ကျေးရွာတွင် ဧက ၅၀၊ ဂုတ်ကြီးတွင် ၁၂၅ ဧက၊ ဘုံးဘောတွင် ဧက ၁၀၀၊ ပဘွေးတွင် ဧက ၂၀၀၊ စွန်တက်တွင် ၁၂၅ ဧကနှင့် လင်းတဲကျေးရွာတွင်   ဧက  ၂၅၀  စိုက်ပျိုးဆောင်ရွက် မည်ဖြစ်ရာ စိုက်ပျိုးရန် လျာထားချက်ပြည့်မီရေးအတွက်  ကော်ဖီစိုက်ပျိုး ရေး ဝါသနာရှင်    ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်    တောင်သူများကို       ဖိတ်ခေါ် အသိပေးကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ် နတ်ရေကန် (ကော်ဖီခြံ)မှ တစ်နှစ်လျှင် ကော်ဖီစေ့ ၃ ဒသမ ၂၆ တန်နှင့်  ပုဂ္ဂလိက  စိုက်ခင်းများမှ  ၄၃  တန်ခန့်   စုစုပေါင်း ၄၆ ဒသမ ၂၆တန်ကျော်ထွက်ရှိပြီး ယင်းကော်ဖီများကို ရွာငံ၊ ရေနံချောင်း၊       ရန်ကုန်နှင့်    ပြင်ဦးလွင်မြို့နယ်    ဈေးကွက်များသို့     ကော်ဖီအရည် အသွေးပေါ်မူတည်၍   တစ်တန်လျှင် ငွေကျပ် ၃၅ သိန်းမှ သိန်း ၇၀   ခန့်အထိ  တင်ပို့ရောင်းချရကြောင်း သိရသည်။                 မယု(ငဖဲ)