ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ရေပြည့်အမှတ်ထက် ရေပိုလွှဲမှ ရေကျော်ကျနေမှု ပြန်လည်ကျဆင်းလာ

 

ငဖဲ   ဩဂုတ်   ၁၅


မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်   ငဖဲမြို့နယ်  မန်းချောင်း ရေလှောင်တမံသည်    ဩဂုတ်  ၁၅ ရက် နံနက် ၆  နာရီ   တိုင်းထွာ ချက်အရ တမံရေပြည့်အမှတ် (R.l 625 ) အထက်ရေပိုလွှဲမှ   ရေကျော် ကျနေမှု   ၀ ဒသမ ၆  ပေ  ပြန်လည်လျော့နည်း  ကျဆင်းလာကြောင်း   မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန  ဦးစီးမှူး   ဦးအောင်ကိုဦးထံမှ သိရသည်။

 


“ကျွန်တော်တို့ မန်းချောင်းရေလှောင်တမံမှာ ဇူလိုင်  ၂၉ ရက်ကနေ ဩဂုတ် ၆ ရက်အထိ မိုးရေချိန် ၇ ဒသမ ၀၆ လက်မရွာသွန်းခဲ့တဲ့အတွက် ဆည်အတွင်းကို တောင်ကျချောင်းရေနဲ့  မိုးရေအဝင်များပြီး ရေပြည့် မှတ်ရောက်လာတာ ဖြစ်ပါတယ်။   ဩဂုတ်  ၁၀ ရက်ကစပြီး ရေပိုလွှဲမှ ၀ ဒသမ ၅ ပေအမြင့်နဲ့ စတင်ရေကျော်လာခဲ့ရာ ၁၃ ရက်အထိ ၀ ဒသမ ၈  ပေအထိ  ရေကျော်ခဲ့ပြီး ယနေ့မှာ ၀ ဒသမ ၆ ပေအမြင့် ခန့်သာ  ရေကျော်ကျမှုရှိပါတယ်။  ဒါကြောင့်  မန်းချောင်းတမံအောက်ဘက် ပြည်သူတွေအနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး။ မန်းချောင်းတမံ ဝန်ထမ်းများကလည်း တမံရေဝင်ရောက်မှုအခြေအနေကို အမြဲမပြတ် စောင့်ကြည့်လျက်ရှိပါတယ်”ဟု  မြို့နယ်ဦးစီးမှူး  ဦးအောင်ကိုဦးက ပြောသည်။

 


ငဖဲမြို့နယ်  မန်းချောင်းရေလှောင်တမံသည် မန်းချောင်းဆည် အထက်ပိုင်းတွင်  မိုးရွာသွန်းမှု  ပိုမိုများပြားခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုများခဲ့ပြီး ဩဂုတ်  ၁၅   ရက်တွင်    တမံရေပြည့်အမှတ်ဖြစ် သည့်    ပေ ၆၂၅  အထက်  ၀ ဒသမ ၆ ပေ  ခန့်ရှိခဲ့ပြီး တမံအတွင်း မိုးရေဝင်ရောက် မှုလျော့နည်းခဲ့သဖြင့် တမံရေပြည့်မှတ်ထက် ၀ ဒသမ ၆  ပေ ရေကျော်ကျ မှုရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေကို  မန်းချောင်းတမံအောက်ဘက်ရှိ   ကျေးရွာများမှပြည်သူများအား ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်   ဆောင်ရွက် လျက်ရှိကြောင်း   သိရသည်။        

မယု(ငဖဲ)