ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့် ကော်ဖီနှင့်အခြားအရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော် ပျိုးထောင်ထားရှိ

 

ငဖဲ   မေ    ၂၈


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန   ကော်ဖီ-ရာသီသီးနှံ ဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)၌  တောင်ပေါ်ဒေသ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်နေပြည်သူများ   လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ၂၀၂၂   ခုနှစ် မိုးရာသီတွင်  သစ်ပင်များ   စိုက်ပျိုးနိုင်ရန် အတွက် မဲခေါင်-လန်ချန်း   အစီအစဉ်ဖြင့်  ကော်ဖီခြံပျိုးဥယျာဉ်တွင်  ကော်ဖီနှင့်   အခြား အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော်ကို ပျိုးထောင် ထားရှိကြောင်း သိရသည်။

 


အဆိုပါ   ပျိုးဥယျာဉ်တွင်  ကော်ဖီပင် ၂၅၀၀၀၊ မျောက်ငိုပင် ၂၅၀၀၊ မက္ကတေးမီးယား ပင် ၃၀၀၀ နှင့် ထောပတ်ပင် ၂၀၀၀  စုစုပေါင်း ပျိုးပင်   ၃၂၅၀၀  ကို   ပျိုးထောင်ထားရှိပြီး တောင်ပေါ်ဒေသ ကော်ဖီစိုက်တောင်သူများ မိုးအမီစိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်းနှင့်  ယခုနှစ်တွင်  မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့်   ပျိုးပင်များနှင့်အတူ ကော်ဖီမျိုးစေ့    ကီလို ၁၀၀ ကိုပါ   ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း   ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းက ပြောသည်။ 

 


ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်) တွင်   ၂၀၀၂   ခုနှစ်မှစတင်၍     အာရေဗီးကား ကုန်းမြင့်ကော်ဖီမျိုးကို   စတင်စိုက်ပျိုးခဲ့ရာ  ယနေ့အထိ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲက  စိုက်ဧက  ၄၀  နှင့်  ပုဂ္ဂလိက တောင်သူများက စိုက်ဧက ၁၀၂၆ ဧက စုစုပေါင်း ၁၀၆၆ ဧကကို စိုက်ပျိုးထားကြောင်း၊ ယခုနှစ်မှ စ၍ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ကော်ဖီ စံပြကွက် နှစ်ဧက(H-528 တစ်ဧကနှင့် SL-34 တစ်ဧက)ကို စမ်းသပ်စိုက်ပျိုးထားရာ ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့်မျိုးဖြစ်ပါက အဆိုပါ မျိုးများကို   တောင်သူများသို့    မျိုးကောင်း မျိုးသန့်များ  တိုးချဲ့စိုက်ပျိုးနိုင်ရေး  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 


ထို့အပြင် ‌ကော်ဖီခြံတွင် မျိုးကွဲများဖယ်ထုတ် ၍  မျိုးသီးသန့်စိုက်ခင်း   ဖြစ်ပေါ်လာစေရန် မျိုးတူကော်ဖီပျိုးပင် ရှစ်ဧကကို    ပြန်လည် ပြုပြင်ဖာထေး၍   တောင်သူများ   အားထား ရသည့်   မျိုးသန့်ခြံတစ်ခြံ   ဖြစ်ပေါ်လာရေး ခြံတာဝန်ခံနှင့်   ဝန်ထမ်းများက   ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မယု (ငဖဲ)