ငါးမျိုးစိတ်များ ပျောက်ကွယ်မသွားစေရေး တားမြစ်ကာလအတွင်း ဖမ်းဆီးခြင်းကို ရှောင်ရှားပေး

 

သိန်းညွန့်(PZL)

 

မြန်မာ နိုင်ငံမြောက်ဖျားရှိ ရေခဲတောင်ဒေသများမှသည် သဘာဝရေချိုအိုင်များ၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စသည့် မြစ်ကြီးများနှင့် မြစ်ချောင်းများ၊ ဆည်၊ ကန်၊ ရေလှောင်တမံများ၊ မိုးသီးနှံ စိုက်လယ်ကွင်းများအတွင်း မြန်မာနိုင်ငံ၏လူသားနှင့်သတ္တလောက၏ အစာကွင်းဆက်၊ ဂေဟစနစ်၏ သော့ချက်၊ ရေသယံဇာတဖြစ်သော ငါးမျိုးစိတ်များ ပျံ့နှံ့ပေါက်ပွား ကျက်စားလျက်ရှိသည်။
 

 

ငါးမျိုးစိတ်များတွင် ရေချိုတွင် ဥချ မျိုးပွား၍ ရေငန်တွင်ကြီးပြင်းသောမျိုး၊ ရေငန်ရေချိုစပ်တွင် ဥချမျိုးပွား၍ ရေချို တွင်ကြီးပြင်းသောမျိုး၊ ရေငန်တွင် ဥချ မျိုးပွား၍ ရေချိုတွင်ကြီးပြင်းသောမျိုး၊ ရေချိုတွင်သာ ရှင်သန်သော၊ ရေငန်တွင် သာရှင်သန်သောမျိုး စသည်ဖြင့် မျိုးစိတ် မျိုးကွဲများစွာ  ရှိခြင်းကြောင့်   အဆိုပါ ငါးမျိုးစိတ်များ   ပျောက်ကွယ်မသွား အောင် ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပညာရှင်များက စဉ်ဆက်မပြတ်လေ့လာ မှတ်တမ်းတင် ခဲ့ကြသည်။
သို့ရာတွင်   အချို့  ဒေသများမှာ သွားလာရေးခက်ခဲသောကြောင့် ပြီးပြည့် စုံအောင်လေ့လာနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့်ပင်   မြန်မာ့ငါးသယံဇာတ ထိန်းသိမ်းမှု   လုပ်ငန်းစဉ်အဖြစ်   ငါး လုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန တို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့-FFI (မြန်မာ) သည် ငါးလုပ်ငန်းဦးစီးဌာနမှ   ပညာရှင်များ၊ ဒေသတွင်းတက္ကသိုလ်များမှ ပညာရှင် များနှင့် ပူးပေါင်း၍  မြန်မာ့မြစ်ချောင်း များမှ    သိပ္ပံဆိုင်ရာမျိုးစိတ်သစ်နှင့် ရှားပါးမျိုးစိတ်များကို   ဒေသအလိုက် မှတ်တမ်းတင်ခဲ့ကြသည်။
ထိုထိုသော လေ့လာမှုများတွင် မေခ၊ မလိခမြစ်များမှ ငါးမျိုးစိတ်  ၄၆  မျိုး၊ အင်းတော်ကြီးဒေသမှ ၉၅ မျိုး၊ ဧရာဝတီ မြစ်မှ ၁၁၆ မျိုး၊ တနင်္သာရီမြစ်မှ ၁၁၃ မျိုး၊ လေညာမြစ်မှ ၅၄ မျိုးစသည့် ငါးမျိုးစိတ် များကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။
အဆိုပါ ငါးမျိုးစိတ်များအနက် သိပ္ပံ အတွက် ငါးမျိုးစိတ်အသစ်    ဖြစ်ဖွယ် ရှိသော ငါးမျိုးစိတ်များအဖြစ် ဧရာဝတီ မြစ်၏ အစဖြစ်သော မေခနှင့် မလိခမြစ် များမှ  ငါးမျိုး၊   အင်းတော်ကြီးဒေသမှ ခြောက်မျိုး၊ ဧရာဝတီမြစ်မှ ခြောက်မျိုး၊ တနင်္သာရီမြစ်မှ ကိုးမျိုး၊ လေညာမြစ်မှ ငါးမျိုးတို့ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ လက်ရှိကာလအထိ မေခနှင့် မလိခမြစ် များမှ  လေးမျိုး၊  အင်းတော်ကြီးဒေသမှ လေးမျိုး၊ တနင်္သာရီမြစ်မှ တစ်မျိုးနှင့် သံလွင်မြစ်ဝှမ်းမှ  တစ်မျိုးတို့ကို   သိပ္ပံ အတွက် အမည်သစ်များပေးပြီး အပြည် ပြည်ဆိုင်ရာ    သိပ္ပံစာစောင်များတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
မြန်မာနိုင်ငံတွင်   ရေချိုငါးမျိုးစိတ် ၅၆၅ မျိုးခန့်ရှိပြီး ၃၁၁ မျိုးသည် ဧရာဝတီ မြစ်ဝှမ်းတွင် ကျက်စားလျက်ရှိရာ ရာခိုင် နှုန်းအားဖြင့် ၅၅ ရာခိုင်နှုန်းဖြစ်သော ကြောင့် ဧရာဝတီမြစ်သည် မြန်မာ့ရေချို ငါးတို့အတွက်   လွန်စွာအရေးပါသော မြစ်ကြီးတစ်စင်းဖြစ်ကြောင်း သိရှိရပေ သည်။
ထိုသို့များပြားလှသော  ငါးမျိုးစိတ် များသည်   မြန်မာနိုင်ငံ    တစ်ဝန်းရှိ မြစ်ချောင်းအင်းအိုင်များတွင်   မှီတင်း နေထိုင်ကြသည်မှန်သော်လည်း  ယင်း ငါးမျိုးစိတ် အများအပြားအနက် တချို့ မှာ ကောင်ရေပေါက်ပွားမှုနှုန်း ကျဆင်း လာခြင်း၊ အချို့မှာ မျိုးသုဉ်းလုနီးပါးဖြစ် လာခြင်းနှင့် အချို့မှာ ရှားပါးလာသည့် အနေအထားတို့နှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အဓိကအားဖြင့်    မုတ်သုံအဝင် နောက်ကျခြင်း၊ မုတ်သုံအထွက်စောခြင်း၊ မိုးရာသီကာလ   တိုတောင်းခြင်းများ ကဲ့သို့သော  ရာသီဥတုပြောင်းလဲလာ ခြင်း၏   နောက်ဆက်တွဲဆိုးကျိုးများ ကြောင့်   ငါးများ    မိတ်လိုက်ဥချသည့် အချိန်ကာလနှင့်   ဥချသည့်ပုံစံများ ပြောင်းလဲလာခြင်း၊  ငါးများ  မိတ်လိုက် ပြီး  သားပေါက်သည့်    မြစ်ချောင်းများ တစ်လျှောက်ရှိ  ရေကြီးရေလျှံကွင်းများ တွင် စိုက်ပျိုးရေးဧရိယာများ ချဲ့ထွင်လာ ခြင်းကြောင့်   ငါးနေငါးထိုင်နေရာများ ဆုံးရှုံးလာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးဝါးများ အလွန်အကျွံသုံးစွဲလာခြင်းတို့ကြောင့် ငါးမျိုးစိတ်များ၏ ဂေဟ စနစ်များလည်း      တစ်စတစ်စဖြင့်  ပျက်ယွင်းလာသည့်    ကြီးစွာသောစိန်ခေါ် မှုတစ်ရပ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ငါးတို့သည် အရွယ်ရောက်ကောင် များ   မျိုးပွားရန်၊     သက်ငယ်ကောင်နှင့် သက်ကြီးကောင်များ      အစာစားရန်၊ သဘာဝဘေးအန္တရာယ်များမှ ရှောင်ရှား ရန်အတွက် ဘဝသက်တမ်းတစ်လျှောက် တွင်  တစ်နေရာမှတစ်နေရာသို့   ပုံမှန် ကူးခပ်သွားလာနေကြသည်။
ငါးတို့၏ ဘဝစက်ဝန်းလည်ပတ်ရာလမ်းကြောင်းတွင် ၎င်းတို့မကျော်ဖြတ် နိုင်သော    အတားအဆီးများကြောင့် လည်းကောင်း၊ စည်းကမ်းမဲ့ဖမ်းဆီးခြင်း၊ ဘက်ထရီရှော့တိုက်ခြင်း၊ ဆေးချခြင်း ကဲ့သို့သော လုပ်ရပ်များကြောင့် လည်း ကောင်း၊ ၎င်းတို့၏ သဘာဝနှင့်ကိုက်ညီသောရေပြင်ရှိရာသို့    မသွားရောက်နိုင် တော့ဘဲ သားပေါက်နှုန်းကျဆင်းခြင်း၊ အစာမလုံလောက်ခြင်း၊ မျိုးဗီဇကျဆင်း လာခြင်းတို့နှင့် တွေ့ကြုံရကာ အနာဂတ် အတွက်  ငါးမျိုးပြုန်းတီးရန်  အန္တရာယ် ကျရောက်လျက်ရှိသည်။
ယင်းကြောင့်ပင် ငါးများ ဥဥသား ပေါက်သည့်  မေ၊  ဇွန်၊  ဇူလိုင်လ ကာလ များကို  ငါးရစ်ငါးသန်   တားမြစ်ကာလ အဖြစ် သတ်မှတ်၍ ငါးမဖမ်းဆီးရန်ထိန်း သိမ်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ငါးသည်လူသားထု၏ အရေးပါသော အာဟာရစားနပ်ရိက္ခာ   ဖြစ်သကဲ့သို့ တစ်ပိုင်တစ်နိုင်မှသည် ပြည်ပကုန်သွယ် မှုအထိ    ကျယ်ပြန့်သော   လုပ်ငန်း၏ အရင်းအမြစ်   သယံဇာတများအဖြစ် လွန်စွာအရေးပါလှပေရာ   ရှိနေသော မျိုးရင်းမျိုးစိတ်များ    ထပ်မံလျော့ကျ ကွယ်ပျောက်ခြင်းများမရှိဘဲ ရေရှည် တည်တံ့နိုင်စေရန်     မြစ်ချောင်းများ တစ်လျှောက် အတားအဆီးများ လျှော့ချ ပေးခြင်း၊ အတားအဆီးများတွင် ငါးဆင်း ငါးတက်လမ်းများ လုပ်ဆောင်ပေးခြင်း၊ စည်းကမ်းမဲ့တရားမဝင် ငါးဖမ်းခြင်းများ ကို ထိရောက်စွာ ဟန့်တားခြင်းများ ပိုမို လုပ်ဆောင်လိုက်ပါက   ငါးသယံဇာတ စဉ်ဆက်မပြတ်တည်ရှိမှုကို အထောက် အကူပြုနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပေရာ မြန်မာတို့သည် ငါးမျိုး စိတ်များကို နှစ်ခြိုက်စွာ စားသုံးကြသည့် အတွက် နှစ်ပေါင်းကြာရှည်စွာ ငါးများ ဖမ်းဆီးစားသုံးခဲ့ကြသည့် အဆိုပါငါးမျိုး စိတ်များ ရေရှည်တည်တံ့စေရန် လူသား များက  ငါးရစ်ငါးသန်များကို  တားမြစ် ကာလအတွင်း ဖမ်းဆီးခြင်းကို ရှောင်ရှား ခြင်းဖြင့် ဥပဒေနှင့်ညီညွတ်စေမည်ဖြစ် သည့်အပြင် ရေရှည်ကာလတွင် ငါးမျိုး စိတ်များ တည်တံ့ပွားများကာ စီးပွားရေး ဖွံ့ဖြိုးမှုကိုလည်း  အထောက်အကူပြု လာနိုင်မည်ဟု ယူဆ၍  “ငါးရစ်  ငါးသန် ဘေးမဲ့ချန်၊  ပုံမှန်စားသုံး  မျိုးမသုဉ်း” ဟူသော ဆောင်ပုဒ်ဖြင့် အသိပေးနှိုးဆော် တိုက်တွန်းအပ်ပါကြောင်း။      ။