
နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေ ကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်း မှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
* ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်၊
* အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့်ကာရံထားပါရန်၊
* ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှု ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားပါရန်၊
* လိုအပ်ပါကငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထား ပါရန်၊
* သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားပါရန်၊
* ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများ လွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်၊
* မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက် စစ်ဆေးနေပါရန်၊
* ထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီ သိရှိနိုင် ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားပါရန်၊
* နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ် မိုးလေဝသ သတိပေးချက်များနှင့်ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက် နားထောင်ပါရန်နှင့် ပြည်တွင်း ထုတ် နေ့စဉ်သတင်းစာများတွင် ပါရှိသည့် မိုးလေဝသနှင့် ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ် ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက် အလက်ဖလှယ်ကြပါရန်၊
E ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ် ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီတောင်းခံကြပါရန်၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန