ငလျင်ဒဏ်ခံ ကလေးများအတွက် ကူညီမှုများလိုအပ်ဟု ယူနီဆက်ဖ်ပြော  

 

ဂျီနီဗာ ဖေဖော်ဝါရီ ၂၅


တူကီယဲရှိ ငလျင်ဒဏ်ခံ ကလေးငယ်များကို ကူညီ ထောက်ပံ့ပေးရန်   လိုအပ်ကြောင်း  ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က အလေး အနက်ထား ပြောကြားခဲ့သည်။ 

 


ကလေးငယ်ပေါင်း လေးသန်းအတွက် ပညာရေး မှာ   အန္တရာယ်ဖြစ်ပေါ်နေကြောင်း   ပြောကြားခဲ့ သည်။ ဥရောပနှင့် ဗဟိုအာရှဆိုင်ရာ ယူနီဆက်ဖ်မှ ဒေသတွင်းညွှန်ကြားရေးမှူး   အက်ဖ်ရှ်ခန်းက  လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေကို ဖေဖော်ဝါရီ ၂၄ရက်က ဂျီနီဗာရှိညီလာခံ၌ ပြောကြားခဲ့သည်။ ဆီးရီးယားမှ      ဒုက္ခသည်ကလေးငယ်ပေါင်း ၃၅၀၀၀၀ ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

 


တူကီယဲနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီ ၆   ရက်က   ပြင်းအား ၇  ဒသမ ၈  အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ပြီး   တူကီယဲတောင်ပိုင်းတွင် နေထိုင်ကြသည့်      ဆီးရီးယားဒုက္ခသည်ပေါင်း   ၁ ဒသမ ၇သန်းနီးပါးရှိသည်။  စာသင်ကျောင်းပေါင်း များစွာပျက်စီးခဲ့ရသည့်အတွက် ကလေးများပညာ သင်ယူနိုင်မည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

 


ကလေးများအတွက် ပုံမှန်လူနေမှုဘဝပြန်ရရန် မှာ သင်ယူမှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများမှာ အရေးကြီးသည်။ ယာယီ စာသင်ကြားရာနေရာများ ဖန်တီးပေးခြင်း အပါအဝင်ယူနီဆက်ဖ်မှ  ကလေးများ အတွက်  စိတ်ပိုင်းဆိုင်ရာနှင့်  လူမှုရေးပိုင်းဆိုင်ရာ ကူညီမှုများပေးသွားမည်ဖြစ်သည်။ 

 


တူကီယဲနှင့် ဆီးရီးယားတို့တွင် ငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၅၀၀၀၀ အထိရှိလာပြီဟု  သိရ သည်။ အဆောက်အအုံပေါင်း ၁၁၈၀၀၀ ထက် မနည်းပျက်စီး သို့မဟုတ် ပြိုကျလုနီးနီးဖြစ်ခဲ့ရသည် ဟု တူကီယဲအစိုးရက ပြောသည်။ ယာယီတဲများ၊ ရွက်ဖျင်တဲများတွင် နေထိုင်ကြသူပေါင်း တစ်သန်း ကျော်ရှိသည်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ