ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နိုင်ရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

 

၁။    မြန်မာနိုင်ငံသည် အဓိက ပြတ်ရွေ့ကြောကြီး တစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသော ငလျင်ပြတ်ရွေ့ကြောငယ်များ     တည်ရှိနေသည့် အတွက် ငလျင်ဘေးအန္တရာယ်ကြီးမားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ 

 


၂။    ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိသေးဘဲ နေ့၊ ည အချိန်မရွေး  လှုပ်ခတ်နိုင် ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်သည့်အတွက်    ပြည်သူလူထုအနေဖြင့် ငလျင်၏ သဘောသဘာဝများ၊    ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းရေးအတွက် နေထိုင် ပြုမူရမည့် အသိပညာ၊ ဗဟုသုတများကို လေ့လာ သိရှိထားရန်နှင့် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံ ပြုအပ်ပါသည်-


ငလျင်မလှုပ်မီ သိရှိဆောင်ရွက်ထားရန်အချက်များ


    m    အခန်းတိုင်းတွင် လုံခြုံသောနေရာကို သိရှိ ထားရမည်။    ခိုင်ခံ့သော   စားပွဲခုံအောက်၊ ခုတင်အောက်၊ အခန်း၏ ထောင့်နေရာများ၊ အတွင်းနံရံ (သို့မဟုတ်)  တိုင်နှင့်ကပ်လျက် နေရာ၊ တံခါးပေါင်အောက်စသည်ဖြင့် ကြိုတင် လေ့လာရွေးချယ်ထားသင့်ပြီး အဆိုပါ လုံခြုံမှု ရှိနိုင်သောနေရာများသို့ ဝင်ရန်၊ အကာအကွယ် ယူရန် လေ့ကျင့်ထားပါ။
    m    အဆောက်အအုံများအတွင်း   ပြတင်းပေါက် များ၊ မှန်များ၊   တွဲလောင်းချိတ်ထားသော ပစ္စည်းများ၊     မြင့်သော/ ယိုင်လဲနိုင်သော ပရိဘောဂများ၊ ပစ္စည်းများစွာတင်ထားသော စင်များစသည့် အန္တရာယ်ရှိနိုင်သော နေရာ များကို သိရှိထားပါ။
    m    အဆောက်အအုံအတွင်းမှ    ထွက်ပြေးရန် လမ်းကြောင်းများ၊   အရန်လမ်းကြောင်းများ၊  အရေးပေါ်ထွက်ပေါက်များကို ကြိုတင်လေ့လာ သိရှိထားပါ။
    m    လျှပ်စစ်မိန်းခလုတ်ချခြင်း၊ ဓာတ်ငွေ့အိုးများ/ ပိုက်များ ပိတ်ခြင်းတို့ကို    စမ်းသပ်လေ့ကျင့် ထားပါ။
    m    လေးလံသည့် ဗီရိုကြီးများ၊ အခြားပရိဘောဂ များကို ယိုင်လဲပြီး   ထိခိုက်မှုမဖြစ်စေရန် နံရံ များနှင့် တွဲကပ်ထားပါ။   ကြီးမားလေးလံသည့် ပစ္စည်းများ၊     ကွဲတတ်သောပစ္စည်းများကို  အနိမ့်ပိုင်းတွင်ထားရှိခြင်းဖြင့် ပြုတ်ကျခြင်း၊ ထိခိုက်နိုင်ခြင်းတို့မှ   ကာကွယ်ပါ။   ပန်းချီ ကားကြီးများ၊ ကြည့်မှန်ကြီးများ    စသည့် လေးလံသည့်ပစ္စည်းများကို  အိပ်ရာ၊ ခုံတန်း ရှည်စသည့် လူနေထိုင်လဲလျောင်းရာ  နေရာ တို့နှင့် ဝေးရာတွင် ချိတ်ပါ။
    m    အရေးကြီးစာရွက်စာတမ်းများ၊   အရေးပေါ် အစားအစာ၊ သောက်ရေ၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ရေဒီယို၊ ရှေးဦးသူနာပြုပစ္စည်းများ၊ ဆေးဝါး စသည့် အရေးပေါ်သုံးပစ္စည်းများ ကြိုတင် စုစည်း၍ အဆင်သင့်ထားရှိပါ။
ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ
    m    ကြောက်ရွံ့ထိတ်လန့်မှု မဖြစ်ပါနှင့်၊ သတိရှိပါ၊ တည်ငြိမ်မှုရှိပါ။
    m    အဆောက်အအုံထဲတွင် ရှိနေပါက အထဲတွင် သာနေပါ။ အပြင်တွင်ရောက်ရှိနေပါက အပြင် တွင်သာ ဆက်၍နေပါ။ ထိခိုက်မှုအများစုသည် ငလျင်လှုပ်စဉ်    အဆောက်အအုံအတွင်းမှ ထွက်ပြေးခြင်း၊ အတွင်းသို့   ပြေးဝင်ခြင်းတို့ ကြောင့် ဖြစ်ပါသည်။
    m    ငလျင်လှုပ်ခတ်ပါက      လဲကျသွားနိုင်သည့် အန္တရာယ်မှ ကာကွယ်ရန်ထိုင်ချပါ။ ဦးခေါင်းကို ဦးစားပေး အကာအကွယ်ယူပါ။ အခိုင်အမာ ဆုံး နေရာကို မြဲမြံစွာ ကိုင်ထားပါ။
    m    မီးဖိုအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးခလုတ် များပိတ်ပါ။ မီးတောက်ကို ငြှိမ်းပါ။
    m    အဆောက်အအုံမှ    ထွက်ခွာရမည်ဆိုပါက စနစ်တကျထွက်ခွာပါ။      အလောတကြီး ပြေးထွက်ခြင်းသည်  ပို၍အန္တရာယ်များနိုင် သည်။ ဓာတ်လှေကားများ    အသုံးမပြုပါနှင့်။ ရိုးရိုးလှေကားမှ ဆင်းပါ။ အထပ်မြင့်အဆောက် အအုံများမှ ခုန်မချပါနှင့်။
    m    အဆောက်အအုံပြင်ပတွင်      ဖြစ်နေပါက အဆောက်အအုံများ၊ သစ်ပင်များ၊ ဆိုင်းဘုတ် များ၊ ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ၊ တံတား များ၊ တောင်စောင်းများ၊ မြစ်ကမ်းများအနီးမှ ရှောင်ရှားနေထိုင်နေပါ။     ကွင်းပြင်များတွင် နေပါ။
    m    ဆိုင်ကယ်၊ ကား မောင်းနေချိန်ဖြစ်ပါက အရှိန် လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။ 
    m    ပင်လယ်ကမ်းစပ်များတွင်     နေထိုင်သူများ အနေဖြင့် ဆူနာမီအန္တရာယ်ကို သတိပြုပါ။
ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များ
m    မိမိတို့နေထိုင်ရာ အိုးအိမ်၊  အဆောက်အအုံ များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်း ရှိ/မရှိ၊ ယိုင်နဲ့ခြင်း ရှိ/မရှိ စစ်ဆေးပါ။ ထိုသို့ ဖြစ်ပေါ်နေပါက ထိုနေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။
    m    လျှပ်စစ်မီးကြိုးများကို စစ်ဆေးပါ။ ပြုတ်ကျ/ ပြတ်ကျနေသော     လျှပ်စစ်မီးကြိုးများကို မကိုင်ပါနှင့်၊ သက်ဆိုင်ရာသို့ သတင်းပို့ပါ။
    m    ငလျင်ကြီးလှုပ်ပြီးနောက်  ငလျင်လတ်နှင့် ငလျင်ငယ်များသည် နာရီပိုင်း၊   ရက်ပိုင်း၊  သီတင်းပတ်ပိုင်းမှသည်          လပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး    ကွဲအက်ချည့်နဲ့ သွားသော       တိုက်တာအဆောက်အအုံများ၊ လမ်း၊ တံတားများသည်    နောက်ဆက်တွဲ မြေငလျင်များကြောင့် ထပ်မံပျက်စီး ပြိုကျ တတ်ကြောင်း သတိပြုပါ။
    m    မီးလောင်ခြင်း၊ ရေကာတာကြီးများ ကျိုးပျက် ၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခြင်းများ စသည့် နောက်ဆက်တွဲအန္တရာယ်များကို သတိပြုပါ။

 

၃။    ပြည်သူလူထုအနေဖြင့် ကြိုတင်မသိရှိနိုင်ဘဲ အချိန်မရွေးလှုပ်ခတ်နိုင်သည့် ငလျင်ဘေးအန္တရာယ် နှင့် ပတ်သက်၍ အချိန်တိုင်းတွင်   ဂရုပြုနေထိုင် ကြပါရန်၊ ပြည်သူအထိတ်တလန့်   ဖြစ်စေမည့် ကောလာဟလသတင်းများကို ဖြန့်ဝေခြင်းမပြုကြ ပါရန်၊ မယုံကြည်ပါရန်နှင့် သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့်    ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်သတင်းရယူ    အကူအညီတောင်းခံနိုင် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။         ။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန