
နေပြည်တော် စက်တင်ဘာ ၂၁
ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို လေ့လာလည်ပတ်သူများအနေဖြင့် ကျွန်းသစ်လုံးတိုင်ပေါင်း ၉၂၅ တိုင်ဖြင့် တည်ဆောက်ထားသည့် မြန်မာနိုင်ငံတွင် အရှည်ဆုံးတောတွင်း ဖြတ်လျှောက် လမ်းတံတား( Jungle Walk) ကိုပါ လေ့လာလည်ပတ် နိုင်ပြီဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော်သစ်ထုတ်ရေး ဒေသမှ သိရသည်။
ယင်းတံတားသည် တစ်မိုင်နီးပါး ရှည်လျား၍ မြန်မာနိုင်ငံရှိ သစ်သား တံတားများတွင် အရှည်ဆုံးဖြစ်ပြီး လာရောက်အပန်းဖြေလည်ပတ် သူများအနေဖြင့် တံတားတစ်လျှောက်တွင် သက်ကြီးကျွန်းစိုက်ခင်း၊ အပူပိုင်းထင်ရှူးစိုက်ခင်း၊ ပိတောက်စိုက်ခင်းများနှင့်အတူ အထက် ရွက်ပြတ်ရောနှောတောခြောက်အတွင်း ဒေသမျိုးရင်းသစ်ပင်သစ်မျိုး များ၊ ဝါးမျိုးစိတ်များစွာ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်နေမှု များကိုလည်း တွေ့မြင်ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
တံတားအဆုံးတွင် ငလိုက်ဆည်ကန်ရေပြင်နှင့် သဘာဝဝါးရိပ် အလှရှုခင်းများကို အပန်းဖြေခံစား ကြည့်ရှုရင်းဖြင့် ဆင်သမားဟင်းလျာ များဝယ်ယူ စားသောက်နိုင်သည့် စားသောက် ဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိကြောင်း သိရ သည်။
“ကျွန်တော်တို့ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းက ရန်ကုန် - မန္တလေးအမြန် လမ်းမကြီး မိုင်တိုင် (၂၁၇/၀) ဘေး အနောက်ဘက် ၂ ဖာလုံခန့်အကွာမှာ တည်ရှိပါတယ်။ ငလိုက် ကြိုးဝိုင်းအကွက်အမှတ် (၇၈)၊ အကျယ်အဝန်း ၅၇၃ ဧက ကျယ်ဝန်းပြီး ဆင်စားကျက်ဧရိယာ ၂၈၈ ဧက ပါဝင်ပါတယ်။ လာရောက်အနားယူမယ့် ဧည့်သည် တွေအနေနဲ့ ဆင်စခန်းအတွင်း ဆင်စာကျွေးမွေးခြင်း၊ တောတွင်းခရီးတို၊ ခရီးရှည်ဆင်စီးခြင်း၊ ဆင်စာ ကျွေးမွေးခြင်း၊ ဆင်စာဘူဖေးကျွေးမွေးနိုင်ခြင်းစတာတွေနဲ့ အပန်းဖြေလို့ရပါတယ်။ ရုံးပိတ်ရက်တွေမှာ ဆင်သရုပ်ပြကွက် ပြသတာလည်း ရှိပါတယ်။ ဆင်ပြ တိုက်တွင် ဆင်အကြောင်းဗဟုသုတများ လေ့လာနိုင် ပါတယ်။ စခန်းအတွင်းမှာ သက်ကြီးကျွန်းစိုက်ခင်း၊ ပိတောက်စိုက်ခင်း၊ သစ်မျိုးတစ်ရာစိုက်ခင်းနဲ့ ထင်းရှူးတောစိုက်ခင်းတွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် တွေအတွက် အပန်းဖြေအနားယူရင်း အစား အသောက်များ မှာယူစားသောက်နိုင်အောင်လည်း စီမံဆောင်ရွက်ထားပါတယ်။ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း-နေပြည်တော် Facebook Page တွင် အသေးစိတ်လေ့လာနိုင် ပါတယ်” ဟု ငလိုက်စခန်းသာဆင်စခန်း၏ ဒေသ တာဝန်ခံ ဦးကျော်စွာဝင်းက ပြောသည်။
ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး ၅၇၃ ဧကခန့်ကျယ်ဝန်းကာ လက်ရှိတွင် ဆင်ကောင်ရေ ၂၀ ကို ထိန်းသိမ်းစောင့်ရှောက် မွေးမြူလျက်ရှိ ကြောင်း သိရသည်။
မြန်မာ့သစ်လုပ်ငန်းအနေဖြင့် မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်လျက်ရှိသည့် မြန်မာ့ဆင် ရတနာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ကောင်းမွန် ဆန်းသစ်သော ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ရေး နှင့် ဆင်ထိန်းများ၏ လူမှုစီးပွားဘဝ တိုးမြှင့်ရေးနှင့် ရေရှည်တည်တံ့စေမည့် အစိမ်းရောင် စီးပွားရေးတစ်ခု (Sustainable & Green Economy) ဖြစ်ထွန်းလာစေ ရန် ရည်ရွယ်၍ ဆင်စခန်းများကို ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအပန်းဖြေစခန်းများအဖြစ် ရည်ရွယ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
သန်းမင်းအောင်