
ကိုကိုလှိုင်
အနောက်ဘက်ကမ္ဘာတစ်ခြမ်းတွင် သေနတ်သံ၊ ဗုံးသံ၊ ငရဲပွက်သံများဖြင့် ဆူညံနေသောကာလ၌ အေးချမ်းသာယာသော ရပ်ဝန်းတစ်ခုသို့ ကျွန်တော် တို့ ခြေချမိခဲ့ကြသည်။ ကျွန်တော်တို့ဆိုသည်မှာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဖြစ်ပြီး အေးချမ်းသာယာသောရပ်ဝန်းဆိုသည် မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်တို့တွင် တက်ရောက်ခဲ့သည့် “တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်” ကျင်းပ ရာဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့တော်ဖြစ်သည်။
လေလှိုင်းပေါ်တွင် မီဒီယာစစ်ပွဲအဖြစ် ကူးစက်ရောက်ရှိ
ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့တည်းခိုရာ ပေကျင်းနိုင်ငံတကာဟိုတယ်သို့ရောက်ရှိ နေရာ ချထားပြီးသည်နှင့် အခန်းထဲမှ ရုပ်မြင်သံကြားကို ဖွင့်လိုက်ရာ ရုပ်သံလိုင်း အတော်များများက အစ္စရေး-ပါလက်စတိုင်း ဂါဇာပဋိပက္ခကို ပြသနေ ကြသည်။ တရုတ်နိုင်ငံအတွင်းသို့ ဆိုက်ဘာ မဟာ တံတိုင်း (Cyber Great Firewall) ကြီးကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် Facebook, Google, Gmail စသည့် ရှိရှိသမျှ အနောက်နိုင်ငံသုံး အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းများ အဆက်အသွယ် ပြတ်သွားကြသည်ဖြစ်ရာ တရုတ် နိုင်ငံသုံး WeChat, Beidu စသည့် လမ်းကြောင်းများ မဖွင့်ထားခဲ့လျှင် ကမ္ဘာကြီးနှင့် ဒစ်ဂျစ်တယ် လမ်းကြောင်း ပြတ်တောက်သွားတော့သည်။ ထို့ကြောင့် ဟိုတယ်ခန်းထဲမှ ရုပ်မြင်သံကြားသည် သာ ကမ္ဘာကြီး၌ ဖြစ်ပျက်နေသမျှ မြင်တွေ့နိုင်သည့် တစ်ခုတည်းသောပြတင်းပေါက် ဖြစ်လာလေသည်။ ရုပ်မြင်သံကြားလိုင်းများတွင်လည်း ဂါဇာပဋိပက္ခကို မိမိတို့ အားသန်သည့် အမြင်များဖြင့် တင်ဆက်ပြသ နေကြသည်။ CNN ရုပ်သံလိုင်းက ဟားမားစ်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကို အလေးပေးပြသ နေချိန်တွင် တရုတ်ရုပ်သံလိုင်းများတွင် အစ္စရေး တင့်ကားနှင့် သံချပ်ကာယာဉ်များက ဂါဇာနယ်စပ် တွင် မြေပြင်ထိုးစစ်ကြီးဆင်နွှဲရန် ရာနှင့်ချီ၍ စုရုံး နေပုံကို ပြသနေသည်။ ရုရှားရုပ်သံလိုင်း RT က ဂါဇာတွင် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် တိုက်တာအိမ်ခြေအဆောက်အဦများ ပြားပြားဝပ်ပြိုကျပျက်စီးနေပုံ၊ ဂါဇာပြည်သူလူထု ထိခိုက်ဒဏ်ရာရ သေဆုံးနေကြပုံများကို ပြသနေ သည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင်မူ ဂါဇာ ဆေးရုံ တစ်ရုံအပေါ် ဒုံးကျည်ကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးငယ်အများစုအပါအဝင် လူများ ရာနှင့်ချီ၍ သေဆုံးကြသည့်သတင်း တက်လာသည်။ အရှေ့အလယ်ပိုင်းနှင့် အာရပ်ကမ္ဘာတွင် အစ္စရေး လက်ချက်ဟု တညီတညွတ်တည်း စွပ်စွဲကာ လူထုအုံကြွဆန္ဒပြမှုများ ပျံ့နှံ့ဖြစ်ပွားလာသည်ကို တရုတ်နှင့် ရုရှားရုပ်သံလိုင်းများတွင် တွေ့မြင်နေ ရချိန်တွင် အမေရိကန် CNN က ယင်းဖြစ်ရပ်မှာ အစ္စရေး၏လက်ချက်မဟုတ်ဘဲ အစ္စလာမ္မစ်ဂျီဟတ် စစ်သွေးကြွအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ဖော်ပြ နေသည်။ ဂါဇာကမ်းမြောင်ဒေသ၏ မြေပြင်စစ်ပွဲက လေလှိုင်းပေါ်တွင်လည်း မီဒီယာစစ်ပွဲအဖြစ်သို့ ကူးစက်ရောက်ရှိနေခဲ့လေသည်။
အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးတောက် မီးလျှံများ၊ ဒုံးသံ၊ ဗုံးသံ၊ သေနတ်သံများဖြင့် ငရဲပွက် နေချိန်တွင် နိုင်ငံပေါင်း ၁၃၀ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၀ ကျော်မှ အဆင့်မြင့် ကိုယ်စားလှယ် များ၊ နိုင်ငံအကြီးအကဲများ ပါဝင်တက်ရောက်နေ ကြသည့် ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်တွင်မူ တရုတ် ရိုးရာဂီတအဖွဲ့၊ တရုတ်နိုင်ငံတော် ဩချက်စတြာ တီးဝိုင်းနှင့် တရုတ်တပ်မတော် စစ်တီးဝိုင်းတို့၏ သာယာငြိမ့်ညောင်းသော ဂီတသံတို့က လွှမ်းမိုးနေ သည်။ အရှေ့အလယ်ပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် အပြတ်ရှင်းလင်း သုတ်သင်ရန် ကြိမ်းဝါး နေကြချိန်တွင် ဤဖိုရမ်၌မူ ကမ္ဘာကြီးငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးအတွက် နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရေးကို ညှိနှိုင်းဆွေးနွေးနေ ကြသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပ သည့် ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ တရုတ်သမ္မတ ရှီကျင့်ဖျင်က ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ် ဆက်လက်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ တရုတ် နိုင်ငံက ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၈ ရပ်ကို တင်ပြခဲ့သည်။ ယင်း လုပ်ငန်းစဉ်များကို အကျဉ်းချုပ်ဖော်ပြရပါလျှင် ရပ်ဝန်းနှင့် ပိုးလမ်းမ ဘက်စုံဆက်သွယ်မှုကွန်ရက် တည်ဆောက်ရေး၊ ကမ္ဘာ့စီးပွားရေးကို ပွင့်လင်း လွတ်လပ်စွာဆောင်ရွက်နိုင်ရန်အတွက် အားပေး ထောက်ခံရေး၊ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရေး၊ သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုများ တိုးတက် ဆောင်ရွက်ရေး၊ ပြည်သူလူထုအချင်းချင်း ဆက်သွယ်ထိတွေ့ဆက်ဆံမှုကို ထောက်ပံ့အားပေး ရေး၊ ပေါင်းစည်းမှုအခြေပြုရပ်ဝန်းနှင့် ပိုးလမ်းမ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင် ရေး၊ နိုင်ငံတကာရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်မှုအတွက် စနစ်တကျဖွဲ့စည်းဆောင်ရွက် မှုများကို ခိုင်ခိုင်မာမာ တည်ဆောက်သွားရေး တို့ဖြစ်သည်။
ဤဖိုရမ်၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများတွင် ဖော်ပြပါအချက် ၈ ချက်ကို မူတည်၍ ခေါင်းစဉ်တပ်ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်တွင်ပါဝင်သည့် ကမ္ဘာ့နေရာဒေသ အသီးသီးမှ နိုင်ငံခေါင်းဆောင် ၅ ဦးနှင့် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်တို့က အနှစ်ချုပ် မိန့်ခွန်း များ မှတ်ချက်ပြု ပြောကြားခဲ့ကြသည်။ အရှေ့ ဥရောပဒေသမှ ရုရှားသမ္မတပူတင်က ကမ္ဘာ့ မဟာဗျူဟာအနေအထားနှင့်ပတ်သက်၍ တစ်နိုင်ငံ တည်း ကြီးစိုးခြယ်လှယ်သည့် Unilateralism မှေးမှိန်လာကာ နိုင်ငံစုံဆက်ဆံမှုမူဝါဒ Multi-lateralism က အစားထိုးဝင်ရောက်လာမှုကို အလေးထား ပြောကြားသွားခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အခြေခံမူများဖြစ်သည့် လူ့ယဉ်ကျေးမှု အဖွဲ့အစည်းများအကြား ကွဲပြားမှုအပေါ် အသိ အမှတ်ပြုလေးစားရေးနှင့် နိုင်ငံတိုင်းက မိမိတို့ နှစ်သက်ရာ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ရွေးချယ်ပိုင်ခွင့် တို့အပေါ်မူတည်ကာ နိုင်ငံချင်း တန်းတူရည်တူ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ထောက်ခံ ပြောကြားသွားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသမှ ကာဇက်စတန် သမ္မတ တိုကာယက်ပ်ကလည်း ယင်းတို့နိုင်ငံ အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်ကြောင့် ကုန်းတွင်းပိတ်နိုင်ငံ (Land Locked) ဘဝမှ ကုန်းတွင်း ချိတ်ဆက်ပေါင်းကူးနိုင်ငံ (Land Link) နိုင်ငံဖြစ်လာခဲ့ပြီး အကျိုးစီးပွား ဖြစ်ထွန်းခဲ့မှုများကို ဝမ်းမြောက်ဝမ်းသာ ပြောကြားသွားခဲ့သည်။
အရှေ့တောင်အာရှဒေသမှ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ကွဲပြားမှုကြီးမားနေသည့် ကမ္ဘာကြီးတွင် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအနေဖြင့် ပေါင်းစည်း အင်အားတည်ဆောက်၍ စုပေါင်းညီညာဆောင်ရွက် ကြရန် လိုအပ်မှုကို မီးမောင်းထိုးပြောကြားသွား ခဲ့သည်။
တောင်အမေရိကတိုက်မှ အာဂျင်တီးနားသမ္မတ ဖာနန်ဒက်ဇ်ကလည်း ရပ်ဝန်းနှင့် ပိုးလမ်းမအစီ အစဉ်၌ တရုတ်နိုင်ငံ၏ ဦးဆောင်မှုကဏ္ဍကို ချီးမွမ်း ပြောကြားသွားပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းအင်အား ရယူရေးကို အလေးထားဖော်ပြ မှတ်ချက်ပြုသွားခဲ့သည်။
အာဖရိကဒေသမှ အီသီယိုးပီးယားဝန်ကြီးချုပ် အာမက်က အာဖရိကနိုင်ငံများအနေဖြင့် ယခင်က ကမ္ဘာ့အရေးအရာများတွင် ဘေးဖယ်ချောင်ထိုးခံထားခဲ့ရသည့်အဖြစ်မှ ယခုအခါ တိုးတက်ပြောင်းလဲ မှုများ ပေါ်ပေါက်လာခဲ့ပြီဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်ကြောင့် ဒေသခံများ လူမှု စီးပွားရေးဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမှုကို အထူးပြုပြောကြားသွားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်က ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံ များမှ သန်းထောင်ချီရှိသော ပြည်သူများ၏ နေ့စဉ် ဘဝအတွက် အခြေခံဖြစ်သည့် သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အား၊ လမ်းတံတား၊ ဆေးရုံ၊ ကျောင်း စသော အခြေခံအဆောက်အဦများ ရရှိနိုင်ရေး အတွက် အထူးအရေးပါသော အစီအစဉ်ဖြစ်ကြောင်း ထောက်ခံပြောကြားသွားခဲ့သည်။
ကမ္ဘာ့နိုင်ငံအများစုက ထိုကဲ့သို့ နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် အဆင့်မြင့် ကိုယ်စားလှယ်များ ကိုယ်တိုင်လာရောက် စုစည်းကာ အမြင်ချင်းဖလှယ်၍ အပြုသဘော ဆွေးနွေးနေကြချိန်တွင် ကိုယ်တိုင်လည်း မပါဝင်၊ အကောင်းမြင်သဘောဖြင့် ရှုမြင်နိုင်ခြင်းလည်း မရှိဘဲ အောင့်အည်းအောင့်သက် ဘေးထွက်ထိုင်ကာ အမနာပ ပြောဆိုကြသူ တစ်စုတော့ ရှိပါလေသည်။ ရေရှည်ကာလတွင်မူ လက်တွေ့ကျကျ အခြေခံ ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်ဖော်ဆောင် ပေးနိုင်သော အစီအစဉ်တို့ကသာ လွှမ်းမိုးအောင်မြင် သွားပေလိမ့်မည်။
လူထုဆက်ဆံရေးပညာကို ထိရောက်စွာအသုံးချနိုင်
အခြေခံလူထု၏ အကျိုးစီးပွားကို ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်က လက်တွေ့ကျကျ ဖော်ဆောင် ပေးနေမှုကို ကျွန်တော်ပါဝင်တက်ရောက်ခဲ့သော ပြည်သူချင်း ဆက်သွယ်ထိတွေ့ဆက်ဆံရေး ဘာသာရပ်ဖိုရမ်တွင် တွေ့မြင်ခဲ့ရသည်။ ဤဘာသာရပ်ဆိုင်ရာဖိုရမ်၏ ထူးခြားချက်မှာ ဖိုရမ်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ဦးဆောင် ဆွေးနွေးသူ Panelist တို့၏ ပါဝင်ဆွေးနွေးမှုကို တိုတိုကျဉ်းကျဉ်း ပြုလုပ်ပြီး လက်တွေ့နယ်ပယ်၌ ပြည်သူချင်းထိတွေ့ဆက်ဆံမှု လုပ်ငန်းများ၏ အောင်မြင်စွာ ဖော်ဆောင်နိုင်မှုများကို ဖြစ်ရပ်မှန် သရုပ်ဖော်ပြကွက် Story Telling acts များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားရာ ဖိုရမ် တက်ရောက်လာသူများအတွက် အသိပညာလည်းရ ဖျော်ဖြေတင်ဆက်မှုများကြောင့် အငြီးလည်း ပြေကာ ပရိသတ်၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သော တီထွင်ဖန်တီးမှုအဖြစ် မြင်ရသည်။ ယင်းသည်ပင် လူထုဆက်ဆံရေးပညာ Public Relation ကို ထိရောက်စွာအသုံးချနိုင်မှုကို ဖော်ပြနေခြင်း ဖြစ်လေသည်။
အဆိုပါပြကွက်များမှ ကျွန်တော် အမှတ် ထင်ထင်ရှိခဲ့ရသော ဖြစ်ရပ်အချို့ကို မှတ်မိနေ ပါသေးသည်။ ပထမဖြစ်ရပ်တစ်ခုမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ စာရေးသားပေးပို့ခဲ့သော လာအိုနိုင်ငံမှ ကျေးရွာလေးတစ်ခုမှ မူလတန်းကျောင်းသူလေးကို သမ္မတရှီကိုယ်တိုင် ပြန်စာရေးသားပေးပို့ခဲ့သည့် အပြင် ထိုကျောင်းသူလေးနှင့် ကျောင်းအုပ် ဆရာမကြီးကိုပါ ယခုဖိုရမ်သို့ ဖိတ်ကြားကာ ဖိုရမ် တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသူလေးက သူတို့ မူလတန်းကျောင်းကို တရုတ်-လာအို မီးရထားလမ်း ဆောက်လုပ်ရေးကုမ္ပဏီက လူမှုတာဝန်သိ လုပ်ငန်း အဖြစ် အသစ်ဆောက်လုပ်ပေးခဲ့ကြောင်း၊ တရုတ် ပရဟိတ ဆရာမနှစ်ဦးကလည်း တရုတ်ဘာသာ စကား လာရောက်သင်ကြားပေးခဲ့ကြောင်း၊ ယင်းအတွက် တရုတ်သမ္မတကြီးထံ စာရေးသားခဲ့ရာ မမျှော်လင့်ဘဲ သမ္မတကြီးထံမှ ပြန်စာရ၍ အလွန်ဝမ်းသာရပါကြောင်း၊ ယခုတရုတ်နိုင်ငံသို့ လာရောက်ခဲ့ရာတွင်လည်း တရုတ်-လာအို မြန် နှုန်းမြင့် မီးရထားကြီးကို စီး၍လာရသဖြင့် အလွန် ပျော်ရွှင်မိပါကြောင်း၊ လာအိုသံဝဲဝဲ တရုတ်ဘာသာ စကားဖြင့် မပြောတတ် ပြောတတ် ပြောကြား ခဲ့ရာ သောင်းသောင်းဖြဖြ အားပေးမှုကို ရရှိခဲ့ သည်။
နောက်ထပ်ပြကွက်တစ်ခုမှာ ငယ်စဉ်ကပင် ဖျားနာကာ အာရုံကြောထိခိုက်မိ၍ ဆွံ့အနားမကြား ဖြစ်နေသော ကမ္ဘောဒီးယား မိန်းကလေးငယ်တစ်ဦး ကို စေတနာ့ဝန်ထမ်း တရုတ်တိုင်းရင်းဆေးပညာရှင် အဖွဲ့က အပ်စိုက်ကုသပေးခဲ့မှု ဖြစ်သည်။ အဆိုပါ မိန်းကလေးမှာ မိဘက ငွေကြေးမတတ်နိုင်သဖြင့် ဆေးဝါးမကုသနိုင်ဘဲ ကြီးပြင်းလာခဲ့ရာ အပျိုပေါက် အရွယ်ရောက်မှ တရုတ်အပ်စိုက်ကုအဖွဲ့က ကုသ ပေးခဲ့ခြင်းဖြစ်သည်။ မိန်းကလေးမှာ အပ်များကို တွေ့မြင်ပြီး ကြောက်လန့်ကာ အစိုက်မခံဘဲ ငြင်းဆန်နေမှုကြောင့် အပ်စိုက်ပညာရှင်ကိုယ်တိုင် သူ့အပ်ကို သူ့မျက်နှာတွင် စိုက်ပြခဲ့ရသည်။ အပ်စိုက်ကုသ၍ နားကြားလာချိန်တွင် ကံမကောင်း အကြောင်းမလှစွာ မိုးကြိုးပစ်သံကို အနီးကပ် ကြားလိုက်ရသဖြင့် အကြောက်လွန်ကာနားအကြား အာရုံ ပျောက်ကွယ်သွားရပြန်သည်။ တရုတ်ဆေး ပညာရှင်အဖွဲ့မှာ နားရောဂါကိုလည်း ဆေးကု၊ စိတ်ပိုင်းဆိုင်ရာကိုလည်း ကုသပေးခဲ့ရသည်။ ထိုကမ္ဘောဒီးယား မိန်းကလေးနှင့် သူ၏ မိခင်ကိုပါ ဖိုရမ်သို့ ဖိတ်ခေါ်၍ ယခင်ကုသမှု ဗီဒီယိုမှတ်တမ်း များနှင့်ပါ တွဲဖက်၍ တင်ပြခဲ့သည်။ တရုတ်ဘာသာ စကားဖြင့် “ကျေးဇူးတင်ပါတယ်” ဟု မပီကလာ ပြောခဲ့သော မိန်းကလေးနှင့် သမီးကိုဖက်၍ ဝမ်းသာဝမ်းနည်း မျက်ရည်လည်ရွဲ ဖြစ်နေသော သူ၏မိခင်တို့က ပရိသတ်၏ နှလုံးသားကို ဖမ်းစား နိုင်ခဲ့၏။
စေတနာ့ဝန်ထမ်း ၆၀၀၀ ကျော် မဖွံ့ဖြိုး သေးသောနေရာများတွင် ကျန်းမာရေးကူညီပေး
ရပ်ဝန်းနှင့် ပိုးလမ်းအစီအစဉ်မှ ပြည်သူချင်း ထိတွေ့ဆက်ဆံမှုကမ္ဘာတွင် ပါဝင်လုပ်ဆောင်နေ သော စေတနာ့ဝန်ထမ်း ဆေးကုသရေးအဖွဲ့တွင် တရုတ်ကျန်းမာရေးလုပ်သားများ အပါအဝင် နိုင်ငံပေါင်းစုံမှ စေတနာ့ဝန်ထမ်း ၆၀၀၀ ကျော်ရှိပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိက စသည့် ဒေသများမှ မဖွံ့ဖြိုးသေးသော နေရာများတွင် ဖြန့်ခွဲကာ ကျန်းမာရေးအကူအညီများပေးလျက် ရှိကြသည်။ ယင်းအဖွဲ့တွင် နှလုံးခွဲစိတ်ကုသသည့် ခေတ်မီကိရိယာများ တပ်ဆင်ထားသည့် ရွေ့လျား ခွဲစိတ် ကုသရေးယာဉ်၊ မျက်စိ ခွဲစိတ်ကုသရေး လှုပ်ရှားမှုအဖွဲ့ စသည့် ရွေ့လျားကုသရေးလုပ်ငန်း များနှင့် ဆေးရုံသင်္ဘောဖြင့် ကမ်းရိုးတန်း တစ်လျှောက် လှည့်လည်ကုသရေးလုပ်ငန်းများပါ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ထိုအစီအစဉ် ပြကွက်များကို ကရုဏာ၊ မုဒိတာ စိတ်များဖြင့် စိတ်ဝင်တစား ကြည့်ရှုနေမိရင်းမှပင် ကမ္ဘာ့တစ်ထောင့်တစ်နေရာ၌ ဘာသာရေးပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ် ကလေးသူငယ်များပါ မကျန် မည်းမည်းမြင်ရာ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီး သွားသည့် အကြမ်းဖက်ဖြစ်ရပ်များ၊ ယင်းကို တန်ပြန်လက်စားချေသည့်အနေဖြင့် ကုလသမဂ္ဂ စာသင်ကျောင်းပါမကျန် ဗုံးမိုးရွာ တိုက်ခိုက်မှု ဖြစ်ရပ်များကြောင့် လူထောင်ပေါင်းများစွာ သေကျေဒဏ်ရာရမှုများထံသို့ အတွေးစိတ်က ရောက်သွားပြန်သည်။ ထို့အပြင် ကမ္ဘာ့တစ်နေရာ၌ ဆေးရုံသင်္ဘောဖြင့် လူ့အသက်များကို ကယ်တင် နေစဉ် အခြားတစ်နေရာ၌ လေယာဉ်တင် စစ်သင်္ဘောကြီးများအပါအဝင် တိုက်ခိုက်ရေး ရေယာဉ်အုပ်စုကြီးများက မြေထဲပင်လယ်ဘက်ဆီ အုပ်ဖွဲ့ချီတက်ကာ စစ်ပြင်နေမှုများကို နှိုင်းယှဉ်ကာ တွေးနေမိသည်။
အပြုနှင့် အဖျက်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှု၊ ခက်ခက်ခဲခဲကုသ ကယ်တင်ခဲ့ရသည့်အသက်များနှင့် စက္ကန့်ပိုင်း အတွင်း ပေါက်ကွဲမှုကြီးများနှင့်အတူ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားခဲ့ရသည့် ဘဝများ၊ ငွေကြေး များစွာ အသုံးပြုတည်ဆောက်နေသည့် လမ်း၊ တံတား၊ အခြေခံအဆောက်အဦများနှင့် ငွေကြေး များစွာ အကုန်ခံကာ ခေတ်မီဒုံးလက်နက်၊ ဗုံးများ ဖြင့် တမင်ဖျက်ဆီးပစ်လိုက်သည့် အဆောက်အဦ များ။ တစ်နည်းဆိုသော် ကမ္ဘာ့ဇာတ်ခုံပေါ်မှာပင် တစ်ပြိုင်နက်ဖြစ်ပေါ်နေသည့် အဖြူနှင့် အမည်း ပြကွက်နှစ်မျိုးတွင် မည်သူတွေအကျိုးရှိ၍ မည်သူ တွေ အကျိုးထိခိုက်ဆုံးရှုံးနေပါသနည်း။
အတွေးစ အမျှင်တန်းရင်းမှပင် သံဝေဂများ လည်း ရမိပါသည်။ ကမ္ဘာကြီးတွင်ရော ကျွန်တော်တို့ မြန်မာပြည်တွင်ပါ အပြုသဘောဆောင် အများ အကျိုးရှိသော တည်ဆောက်မှုများ အားကောင်း နိုင်ပါစေ၊ အဖျက်သဘောဆောင် အကျိုးမဲ့သတ်ဖြတ် ဖျက်ဆီးမှုများ လျော့ပါးပပျောက်နိုင်ပါစေဟု ဆန္ဒပြုရင်းမှပင်-
ကမ္ဘာတစ်ဝန်း အေးချမ်းသာယာဖွံ့ဖြိုးနိုင်ရန် ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းဆောင်ရွက် ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသတည်း။ ။
- Log in to post comments