
နေပြည်တော် ဩဂုတ် ၃၁
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး ပြောရေးဆိုခွင့် ရှိသူများက ငြိမ်းချမ်းရေးအတွက် လက်ရှိဆွေးနွေး ဆောင်ရွက်နေမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများ နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သည်။
အကူအညီများ ရရှိရေး ဆောင်ရွက်ပေး
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့သည် နိုင်ငံတကာအသိ သက်သေများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပ သမဂ္ဂနှင့်ကမ္ဘာ့ကုလသဂ္ဂတို့မှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါ စွာလက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသည့် သမိုင်းဝင်စာချုပ် တစ်ခုဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ ထပ်မံပါဝင် လက်မှတ်ရေးထိုးခဲ့သဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့၊ NCA လက်မှတ် မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃) ဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေး စနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်မည်၊ တိုင်းရင်းသားပြည်သူတစ်ရပ် လုံး၏လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စု တည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်မည်ဆိုသည့် အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်နိုင်ရေး အတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူညီခဲ့ကြ ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ များကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) က UN အဖွဲ့အစည်းနှင့်ပေါင်းစပ်ပြီး အမှန်တကယ် လိုအပ်မည့်ဒေသများသို့ သက်ဆိုင်ရာပြည်နယ် အစိုးရ အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်၍ အကူအညီများ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ၌ ကရင် ပြည်နယ်တွင် သံတောင်ကြီးမြို့နယ်၊ လိပ်သို/ယာဒို ဒေသ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသ၊ ရခိုင် ပြည်နယ်တွင် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နှင့် မြောက်ဦးမြို့နယ်၊ ရှမ်းပြည်နယ်တွင် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ဟိုပုံး မြို့နယ်များရှိ လူသားချင်းစာနာထောက်ထားမှုအကူ အညီလိုအပ်သူများထံသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ယခုလို အကူအညီများကို လိုအပ်သည့်ဒေသများသို့ JMC က ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစီအစဉ်များကိုလည်း ဆွေးနွေးလျက်ရှိ
ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်း က NCA စာချုပ် သည် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် အနှစ်သာရရှိသည့် စာချုပ်ဖြစ်ကြောင်း၊ NCA စာချုပ် သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် စာချုပ်လည်းဖြစ်ကြောင်း၊ အဆိုပါ စာချုပ်တွင် အစိုးရကိုယ်စားလှယ်အဖြစ် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ ၂ ဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများလည်း ပါဝင်ခဲ့ကြကြောင်း၊ အဆိုပါစာချုပ်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ NCA သည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးထားသည့် သဘောတူ စာချုပ်ဖြစ်သဖြင့် တရားဝင်စာချုပ်ဖြစ်ပြီး ပျက်ပြယ် မှုမရှိကြောင်း၊ ထို့ကြောင့် NCA တွင် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုအနေဖြင့် NCA အား ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံတော် တည်ဆောက်နိုင်သည်အထိ ငြိမ်းချမ်းရေးကိုဆွေးနွေး သွားကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျပါဝင်နိုင်ရေးကိုလည်း ဆွေးနွေးနေ ကြောင်း၊ NCA စာချုပ်ချုပ်ဆိုခဲ့သည်မှာ အောက်တို ဘာ ၁၅ ရက်တွင် ၈ နှစ်ပြည့်မည်ဖြစ်သဖြင့် အဆိုပါ NCA စာချုပ်ချုပ်ဆိုခဲ့သည့် ၈ နှစ်ပြည့်အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ ကျင်းပလိုသည့် အစီအစဉ်များကိုလည်း ဆွေးနွေးလျက်ရှိကြောင်း ပြောကြားသည်။
သတင်းစဉ်