ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရေး

Type

 

ငြိမ်းချမ်းရေးလိုလားသူ ဖွံ့ဖြိုးရေးလုပ်သားတစ်ဦး

 

နယ်လ်ဆင်မင်ဒဲလားအကြောင်းကို   တိုးအောင်(ဆေး-မန်း)   ရေးတဲ့ “ရန်သူများနှင့် ကစားခြင်း” စာအုပ်ကို ဖတ်ပြီးချိန်မှာ ကျွန်တော် ဒီ “ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး” ဆောင်းပါးရေးဖို့  စိတ်ပြင်းပြလာပါတယ်။ ရေးဖြစ်ခဲ့ပါတယ်။ ရန်သူကို ခွင့်လွှတ်ပြီး၊ လေးစားပြီး၊ ဂုဏ်ပြုပြီး အသေအကျေတိုက်မယ့် လက်နက်ကိုင်လမ်းစဉ်ကို မရွေးဘဲ ဆွေးနွေး မှုလမ်းစဉ်ကို ရွေးပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခဲ့မှု၊  စစ်ကို တားဆီးခဲ့မှုတွေ သမိုင်းမှာ သာဓကရှိတာပဲလေ။ ကျွန်တော်တို့နိုင်ငံ လုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။
ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ဆိုရင်
ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းမှ ဆောင်ရွက်လို့ရမယ်။  ဖွံ့ဖြိုးရေး   ဆောင်ရွက်နိုင်မှ   ဖွံ့ဖြိုးမှာပေါ့။ မငြိမ်းချမ်းတဲ့ဒေသတွေဆိုရင် တရားဥပဒေစိုးမိုးမှုမရှိ၊ အုပ်ချုပ်တဲ့ အစိုးရက  နယ်မြေစိုးမိုးမှုမရှိဘဲ  ဒေသအလိုက်တည်ရှိနေတဲ့ EAO တွေက   နယ်မြေစိုးမိုးထားရင်  ဖွံ့ဖြိုးရေးလုပ်ရတာခက်ပါတယ်။ ဖွံ့ဖြိုးဖို့  အတားအဆီးတွေများပါတယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်၊ ဖွံ့ဖြိုးမှ ငြိမ်းချမ်းမယ်ဆိုတာလည်း  အပြန်အလှန်ချိတ်ဆက်နေတဲ့ သဘော တရားပဲဖြစ်ပါတယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးရေးတွေလုပ်တော့မှာလား… မငြိမ်းချမ်းသေးမီ  ကြားကာလတွေမှာ  ဘာတွေလုပ်နိုင်လဲ၊  ပုံမှန်က ဘယ်လိုခွဲထွက်ဆောင်ရွက်မလဲ စဉ်းစားသင့်ပါတယ်။
ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ခဲ့တဲ့ နေရာမှာ သက်ဆိုင်ရာ  EAO တွေ၊  အပစ်အခတ်ရပ်စဲရေး သဘောတူ ရေးထိုးထားတဲ့ EAO တွေ၊ ၎င်းတို့ တရားဝင်ဖွဲ့ထားတဲ့   ဆက်ဆံရေးရုံး တွေနဲ့ ဆောင်ရွက်လို့ ရ/ မရ၊ ဆောင်ရွက်ခွင့်ရပါက  ပြည်သူတွေ လိုအပ်နေတဲ့  ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လိုကြောင်း၊ သဘောတူလက်ခံပါက ဆောင်ရွက်ပြီး  သဘောမတူ လက်မခံပါက လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် မလုပ်သေးဘဲ လုပ်လို့ရတဲ့အထိ စောင့်ကာ ဆောင်ရွက်ခဲ့ကြပါတယ်။
 ဒီလို    ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ     ဖွံ့ဖြိုးရေးအတွက် စီမံကိန်းရှင်းလင်းပွဲ၊     စီမံကိန်းမိတ်ဆက်ပွဲတွေမှာ    သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး    အစိုးရအဖွဲ့တွေက     ဦးဆောင်ကျင်းပပြီး ဒေသမှာရှိတဲ့ EAO အဖွဲ့အစည်းတွေ၊     ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို တရားဝင်ဖိတ်ကြားရှင်း လင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။     ဆောင်ရွက်မယ့်စီမံကိန်း Design အကြောင်း၊ ဆောင်ရွက်မယ့် နည်းလမ်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေ၊     ပြည်သူတွေကိုယ်တိုင်     ပါဝင်ဆုံးဖြတ်အကောင် အထည်ဖော်ရမယ့်လုပ်ငန်းတွေကို   ပွင့်လင်းမြင်သာစွာ    ကြိုတင် အသိပေးရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။ CDD စီမံကိန်းကို တစ်နိုင်ငံ လုံး ၆၃ မြို့နယ်မှာ ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းက မြို့နယ်မှာရှိတဲ့ ကျေးရွာအားလုံးဆောင်ရွက်ပေးတာ လေးနှစ်ဆက်တိုက် ဆောင်ရွက် တာမို့ EAO ရှိတဲ့ဒေသတွေမှာ ညှိနှိုင်းဆောင်ရွက်ခဲ့ရပါတယ်။ ၆၃ မြို့နယ်အနက်  လုံခြုံရေးကန့်သတ်ချက်အချို့ရှိတဲ့ EAO တွေနဲ့ ဆက်စပ်နေတဲ့ မြို့နယ် ၂၄ မြို့နယ် ပါဝင်အကောင်အထည်ဖော်ခဲ့ ပါတယ်။   
အဲဒီဒေသတွေကတော့ ကချင်ပြည်နယ်မှာ  ပူတာအို၊    မိုးကောင်း၊  ရွှေကူ၊  ကယားပြည်နယ်မှာ လွိုင်ကော်၊  ရှားတော၊  ဖရူဆို၊  ဘော်လခဲ၊  ဖားဆောင်း၊  မယ်စဲ့၊ ကရင်ပြည်နယ်မှာ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ချင်းပြည်နယ်မှာ ပလက်ဝ၊ မွန်ပြည်နယ်မှာ ဘီးလင်း၊ ပဲခူးတိုင်းဒေသကြီးမှာ  ကျောက်ကြီး၊ ရွှေကျင်၊ ရခိုင်ပြည်နယ်မှာ  ပုဏ္ဏားကျွန်း၊ အမ်း၊  တနင်္သာရီတိုင်း‌ဒေသကြီးမှာ   တနင်္သာရီ၊ ရှမ်းပြည်နယ်မှာ ဆီဆိုင်၊ နမ့်ဆန်၊ မောက်မယ်၊ မိုင်းခတ်၊ မဘိမ်း တို့ပဲဖြစ်ပါတယ်။ ဒီမြို့နယ်တွေရဲ့ အချို့နယ်မြေဧရိယာမှ ကျေးရွာ အချို့ကို  EAO  တွေ တည်ရှိလှုပ်ရှားနေထိုင်ပြီး တချို့လွတ်လပ်စွာသွား ရ၊ တချို့ညှိနှိုင်းသွားရလို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။
စီမံကိန်းရဲ့ အခြေခံစည်းမျဉ်းတွေ
ဒီလို  EAO တွေတည်ရှိတဲ့ဒေသတွေမှာ  ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ စီမံကိန်းရဲ့ အခြေခံစည်းမျဉ်းတွေ  ချမှတ်ဆောင်ရွက် ပါတယ်။ ဒီစည်းမျဉ်းတွေကတော့-
(က)    ညှိနှိုင်းဆောင်ရွက်ရန်၊
(ခ)    ဝန်ထမ်းများ၏လုံခြုံရေး အာမခံချက်ရမှ ဆောင်ရွက်ရန်၊
(ဂ)    EAO ဒေသမှာရှိသည့် ကျေးရွာများအနက်   စီမံကိန်းကို         ဆောင်ရွက်လိုသော ကျေးရွာများသာ ပါဝင်ဆောင်ရွက်ရန်၊
(ဃ)    စီမံကိန်းကို   လေးနှစ်   ဆက်လက်ဆောင်ရွက်မည်ဖြစ်၍   
    ကျန်ကျေးရွာများ လုပ်ချင်သည့်အချိန် လုပ်ခွင့်ပေးရန်။
ညှိနှိုင်းတဲ့အခါမှာ မလာစေချင်တဲ့အခါရှိရင်၊ သိရင်မသွားပါဘူး၊ ကြိုတင်သတင်းပေးပြီး  သွားပါတယ်။ တစ်ခါတလေ ပြည်သူက လမ်းရွေးထားတယ်၊  အဖွဲ့အစည်းက မလုပ်စေချင်တာလည်း ရှိတတ် ပါတယ်။ သိရရင် တားရင် မလုပ်ပါဘူး၊ ဒုတိယဦးစားပေးကို လုပ်ကြပါ တယ်။ စီမံကိန်းကာလ လေးနှစ်မို့ သူတို့  သိမြင်နားလည်လာပြီး အန္တရာယ်မရှိကြောင်း ယုံကြည်လာလို့ ပြန်လုပ်ခွင့်၊  လာခွင့်ပြုရင် ဆက်လုပ်ကြပါတယ်။  အဲဒါကယုံကြည်မှု  တည်ဆောက်ခြင်း (Trust Building) ပဲ ဖြစ်ပါတယ်။ စီမံကိန်းဟာ ပြည်သူအတွက် တကယ် လိုအပ်၊     တကယ်ထိရောက်တယ်။     ပွင့်လင်းမြင်သာမှုရှိတယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ညီတယ်၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတယ်။ လူနည်းစု ထိခိုက်လွယ်အုပ်စုတွေကို ချန်မထားဘူး၊  အားလုံးပူးပေါင်း ပါဝင်ခွင့်ရတယ်၊  ဆုံးဖြတ်ခွင့်ရတယ်။  ဒါဟာ EAO တို့လိုလားတဲ့   ဒီမိုကရေစီ(Federal Democracy) ရဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်တယ်၊ အခြေခံသဘောတရားပဲ ဖြစ်ပါတယ်။
ပညာပေးသင်တန်းတွေ
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံ့ဝန်ထမ်း တွေအပြင် ဒေသခံ အရပ်သားဝန်ထမ်းတွေပါ ပါဝင်တာမို့ စည်းကမ်း အရေးကြီးသလို Conflict နဲ့ပတ်သက်တဲ့  ပညာပေးသင်တန်းတွေပေး ရပါတယ်။   တည်ဆဲဥပဒေတွေ၊   ဒေသအစိုးရတွေရဲ့ လမ်းညွှန်ချက်တွေ  လိုက်နာစေပါတယ်။ ခရီးစဉ်တွေသွား ကျေးရွာတွေကို ဝန်ထမ်းတွေ သွားရောက်   တာဝန်ထမ်းဆောင်တဲ့အခါ   တပ်ဘက်ရော  EAO ဘက်ရော   ဒေသရဲ့   လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေ သတင်း အချက်အလက်အပေါ်မူတည်ပြီး သတင်းပေးပို့ သွားရောက်စေပါတယ်။ ဒေသရဲ့ယဉ်ကျေးမှုတွေကို သိရှိလိုက်နာစေပါတယ်။  သင်တန်းတွေ မှာတော့ အဓိကအားဖြင့်- 
(က)    Conflict Sensitivity/ Conflict Management Training
(ခ)    လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး
(ဂ)    လုပ်ငန်းခွင်အတွင်း လုံခြုံရေး
(ဃ)    တားဆီးကာကွယ်ခြင်း
(င)    တုံ့ပြန်ဆောင်ရွက်ခြင်း စသည်တို့ကို သင်ကြားပို့ချ
    ဆောင်ရွက်နေပါတယ်။ 
ဒါမှ   စီမံကိန်းဝန်ထမ်းတွေက  Conflict  ရဲ့  သဘောသဘာဝ၊ လုံခြုံရေးရဲ့ သဘောသဘာဝ၊ ပေါင်းစပ်ညှိနှိုင်းခြင်းရဲ့ သဘောသဘာဝ ကိုသိရှိပြီး အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ခရီးသွားရင် အဆင်ပြေအောင် စီမံကိန်းရဲ့ကား၊ ဆိုင်ကယ် တွေမှာ စီမံကိန်းတံဆိပ်၊ ဌာနတံဆိပ်ကပ်ခြင်း၊ ဝန်ထမ်းကတ်ဆောင် ရွက်ပေးခြင်းဖြင့် ကျေးရွာတွေသွားတဲ့အခါ တပ်ကပဲမေးမေး၊ EAO ကပဲမေးမေး အဆင်ပြေစေခဲ့ပါတယ်။
ဖွံ့ဖြိုးရေးမှာ ဘယ်ဒေသ၊ ဘယ်အရပ်မှ ချန်ထားလို့မရ၊ မချန်ထား သင့်ပါ။ နဂိုကတည်းက ဝေးလံလို့၊ ခေါင်းပါးလို့၊ ယခင်စစ်ဘေးစစ်ဒဏ် ခံခဲ့ရလို့ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲတဲ့ရွာတွေကို ဌာနဆိုင်ရာ တွေ၊ အစိုးရအဖွဲ့အစည်းတွေက ခက်ခဲလို့ စီမံကိန်းတွေမဆောင်ရွက်ဘဲ ချန်ထားရင်  အဲဒီဒေသတွေဟာ   ဆင်းရဲပြီးရင်း ဆင်းရဲနေကြရပေ ဦးမယ်။
တကယ်တိုးတက်ချင်ရင်
ဒါကြောင့်    အုပ်ချုပ်နေတဲ့    အစိုးရအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းအောင်၊   တရားဥပဒေစိုးမိုးအောင်   ဆောင်ရွက်ပေးကြရမှာ ဖြစ်တယ်။ EAO တွေကလည်း ကိုယ့်ဒေသ ကိုယ့်လူမျိုးတွေ ဆင်းရဲ တွင်းက လွတ်အောင်၊ ဖွံ့ဖြိုးရေးတွေ  လုပ်နိုင်အောင်တော့  အခြေခံ ကျကျ   စဉ်းစားကြရမယ်။   ကိုယ့်နိုင်ငံကို   တကယ်ချစ်ကြလား၊ ကိုယ့်လူမျိုးတွေကို   တကယ်ချစ်ကြတာ   ဟုတ်ရဲ့လား၊  ရင်ထဲက ချစ်တာလား၊    ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးချင်တာ    တကယ်ဟုတ်ရဲ့လား ဒီမေးခွန်းတွေကို နိုင်ငံသားအားလုံး၊  တိုင်းရင်းသားအားလုံး၊ EAOတွေ အားလုံး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအားလုံးနဲ့ အုပ်ချုပ်သူအစိုး ရတွေ၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းအသီးသီးရဲ့ ခေါင်းဆောင်တွေ လေးလေးနက်နက်  စဉ်းစားကြရမှာဖြစ်ပါတယ်။  တကယ်ချစ်တာ တကယ်တိုးတက်ချင်တာ၊  တကယ်ငြိမ်းချမ်းချင်တာ  ဟုတ်ရဲ့လား။ ငြိမ်းချမ်းရေးတကယ်ရချင်ရင် တကယ်ဖြစ်ချင်ရင် သူသေကိုယ်သေ တိုက်နေလို့မရပါဘူး။   နိုင်ငံသားတွေ၊   တိုင်းရင်းသားတွေဖြစ်တဲ့ တပ်မတော်သားတွေ၊   ပြည်သူ့ရဲတွေ၊   တိုင်းရင်းသား EAO တွေ၊ လက်နက်ကိုင်တော်လှန်နေသူတွေ၊ အပြစ်မဲ့ပြည်သူတွေ သေနေကြ မှာပဲ။ ဒါကြောင့် လက်နက်ကိုင် လမ်းစဉ်အစား နိုင်ငံရေးနည်းနဲ့ ဖြေ ရှင်းကြဖို့ တိုက်တွန်းပါတယ်။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းကြောင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုး ရေးတွေလည်း  ဖျက်ဆီးလို့  ပျက်လို့နေတာတွေ့ရပါတယ်။ ဒေသ မအေးချမ်းလို့ ဖွံ့ဖြိုးရေးတွေ မလုပ်နိုင်တာတွေ ရှိပါတယ်။ ကျောင်း မတက်ရတဲ့ စာမသင်ရတဲ့ မဆီမဆိုင် ကြားညှပ်ပြီး အခွင့်အရေးဆုံးရှုံး နေတဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေရဲ့အနာဂတ်ကို ကြည့်ကြ ဖို့လိုပါတယ်။ နိုင်ငံရေးညှိနှိုင်းမှုတွေ အဆင်မပြေသေးမီကာလမှာ လည်း    အရပ်သား target တွေကို   မတိုက်ကြဖို့၊   မဖျက်ဆီးဖို့၊ မနှောင့်ယှက်ဖို့အရေးကြီးပါတယ်။  ဒါကို ကျင့်ဝတ်လို သဘောထားဖို့ တိုက်တွန်းလိုပါတယ်။ ကျေးရွာတွေမှာ၊ မြို့ပြတွေမှာ တိုက်ကွက် မဖော်ကြဖို့၊ ပြည်သူတွေနေထိုင်နေတဲ့ နေရာတွေမှာ စစ်တလင်းဖြစ် အောင်မလုပ်ကြဖို့ တိုက်တွန်းလိုတယ်။ မပြေလည်သေးလို့ တိုက်နေ ကြရင်တောင် ရွာတွေ၊ မြို့တွေရှောင်ကြဖို့ စည်းမျဉ်း စည်းကမ်းတွေ ထား၊ ကျင့်ဝတ်အဖြစ်လိုက်နာကြရင် ကျွန်တော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေ လုပ်နိုင်ကြမယ်ဆိုရင် ပြည်သူတွေ အထိနာသက်သာမယ်လို့ မျှော်လင့်ရပါတယ်။
နိုင်ငံရေးဆိုတာ ညှိနှိုင်းမှု၊ ဆွေးနွေးမှုပဲ ဖြစ်ပါတယ်။ တကယ် ဖြစ်ချင်ရင်၊  စိတ်ရင်းကဖြစ်ချင်ရင်  တာဝန်ရှိတဲ့အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေသာ အရေးကြီးကြောင်း ထင်မြင်မိပါတယ်။ ဘာကြောင့် လဲ အကြောင်းအရင်းတွေရှိပါမယ်။ အပြန်အလှန်နားလည်အောင် ကြိုးစားသင့်ပါတယ်။ ခွင့်လွှတ်ပေးသင့်ပါတယ်။ မေ့ပစ်သင့်တာတွေ မေ့ပစ်စေချင်ပါတယ်။    ရန်သူကို    ရန်သူလိုမမြင်ဘဲ     ဒို့နိုင်ငံသား  ဒို့တိုင်းရင်းသားပဲလို့  မြင်နိုင်ကြရင်၊ ရန်သူကို သူ့သဘော သူ့ယဉ်ကျေး မှု သူ့စရိုက်သိရှိခြင်း၊ အသိအမှတ်ပြုပေးခြင်း၊ လေးစားဂုဏ်ပြုပေးခြင်း လုပ်ပေးနိုင်ရင်၊ မေတ္တာပေးရင် မေတ္တာပြန်ရကြမှာပဲလို့ ယုံကြည်မိ ပါတယ်။
ဆွေးနွေးကြစေချင်
ခွင့်လွှတ်တဲ့လက်၊ ခွင့်လွှတ်မယ့်လက်ကို  မေတ္တာနဲ့  အရင်ကမ်းပေး နိုင်သူက   စကမ်းပေးဖို့   တိုက်တွန်းပါတယ်။   သူ့ဘက်ကိုယ့်ဘက် လျှော့သင့်တာ လျှော့ကြဖို့လိုအပ်ပါမယ်။ နိုင်ငံအတွက်၊ ပြည်ထောင်စု အတွက်ကြည့်ပြီး ဆွေးနွေးကြစေချင်ပါတယ်။ ပြည်ထောင်စုက ခွဲ မထွက်ကြဖို့ နည်းလမ်းတွေကို ရှာကြရင်း ကိုယ့်ပြည်နယ် ကိုယ့်ဒေသ အကျိုးအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ တောင်းသင့်တာ တောင်း၊  ပြောသင့်တာပြောကြရင်း    ပြည်ထောင်စုကြီးမပြိုကွဲအောင်                   မြန်မာနိုင်ငံနယ်နိမိတ် မပဲ့သွားအောင် အဖြေရှာကြဖို့ တိုက်တွန်း ပါတယ်။
တကယ်အင်အားကြီးသူ၊ မေတ္တာတရားကြီးသူတွေဟာ ကိုယ့် အပြစ်ကိုယ်သိ၊ ကိုယ့်အမှားကိုယ်သိပြီး  အမှန်ကို  မြင်နိုင်ကြပါတယ်။ တကယ်အင်အားကြီးသူ၊ မေတ္တာတရားကြီးသူတွေသာ ခွင့်လွှတ်နိုင် ကြတယ်လို့    လေ့လာမှတ်သားဖူးပါတယ်။     အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို  အင်အားကြီးသူ၊  မေတ္တာတရားကြီးမားသူတွေ ဖြစ်ကြစေလိုပါတယ်။ ခွင့်လွှတ်ပေးကြပါခင်ဗျာ။
နိုင်ငံတကာက စွက်ဖက်တာတွေ၊ အနိုင်ကျင့်တာတွေကိုလည်း ခံပြင်းလွန်းလှပါတယ်။  မငြိမ်းချမ်းသေးတာ၊  ညှိနှိုင်းမရသေးတာ ကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်တော် ဖွံ့ဖြိုးရေးသမားတစ်ယောက်ပါ။ ဒီနိုင်ငံဖွံ့ဖြိုးအောင် လုပ်ကြပါစို့၊ ဒီနိုင်ငံတိုးတက်အောင်လုပ်ကြပါစို့၊ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက် ဖို့  ငြိမ်းချမ်းရေးရအောင် လုပ်ကြပါစို့၊   ဒီနိုင်ငံ   ဒီလူမျိုးကို   ချစ်ရင် ငြိမ်းချမ်းရေးရအောင် လုပ်ကြပါစို့၊ နိုင်ငံ့အရင်းအမြစ် တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်တွေ၊ သွေးတွေ မဆုံးရှုံးအောင် လုပ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး
“ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး(Peace And Prosperity)”  ခေါင်းစဉ်နဲ့    စီမံကိန်း/စီမံချက်တွေလည်း    ရေးဆွဲထားပါတယ်။ အကောင်အထည်ဖော်ဖို့ ဒေသတည်ငြိမ်အေးချမ်းရေးတွေ အရေးကြီး ပါတယ်။    ဒေသတည်ငြိမ်အေးချမ်းဖို့  ဘယ်သူတွေ  ဖြစ်ချင်လဲ၊ ဘယ်သူတွေ ဖြစ်အောင်လုပ်နိုင်လဲ၊ နိုင်ငံသူ နိုင်ငံသား ပြည်သူတွေနဲ့ သက်ဆိုင်သူအစိုးရ၊   တိုင်းရင်းသား  EAO  တွေ၊   နိုင်ငံရေးပါတီ ခေါင်းဆောင်တွေသာဖြစ်ပြီး   ပြည်တွင်းက   ပြည့်အင်အားတွေပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်း၊ ညှာတာခြင်း၊ နားလည်ခြင်း၊ အပြန်အလှန် လေးစားခြင်းတွေနဲ့ ငြိမ်းချမ်းရေးကို ရအောင် ဖော်ဆောင်နိုင်တဲ့ အစိုးရတွေ၊ ခေါင်းဆောင်တွေကို  ယုံကြည် စွာ မျှော်လင့်စောင့်စားရင်း ကျရာတာဝန် ကျေပွန်သွားပါမယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရှိတယ်။ အပြီးတိုင် ငြိမ်းချမ်းရေးရယူမှု မရှိဘဲ NCA လက်မှတ်ရေးထိုးထားတဲ့ကြားကာလ ဘာတွေဆောင်ရွက်မလဲ၊  ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘာတွေလုပ်ကြ မလဲ၊  ၎င်းတို့ဒေသစီးပွားရေးလုပ်ငန်းတွေ    ဘာတွေလုပ်ကြမှာလဲ၊ ဘယ်လိုလုပ်ကြမှာလဲ။ ဒါတွေဟာ အလွန်အရေးကြီးတယ်လို့ ထင်ပါ တယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေးအဆင်မပြေကြရင် အရင်လို ပြန်ဖြစ်သွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ စိုက်ပျိုးရေးဇုန်တွေ၊ မွေးမြူရေးဇုန်တွေ၊ စိုက်ပျိုး/  မွေးမြူရေးအခြေပြုစက်ရုံ၊ အလုပ်ရုံတွေ ဆောင်ရွက်ခြင်းဖြင့်  နိုင်ငံရဲ့စီးပွားရေးမှာ တရားဝင် ပါဝင်ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေပေးဖို့လည်း   လိုအပ်ပါတယ်။   EAO အဖွဲ့တွေ အနေနဲ့လည်း တရားဝင်စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းဖြင့် ကိုယ့်ဒေသ ကိုယ့်လူမျိုးတွေနဲ့   ကိုယ့်အဖွဲ့အစည်းကို   ပြန်လည် တိုးတက်အောင်  လုပ်သင့်ပါတယ်။  နိုင်ငံရေးပါတီတွေထောင်ပြီး ဒေသအလိုက်    ရွေးကောက်ပွဲဝင်သင့်ပါတယ်။   ရွေးကောက်ခံပြီး ကိုယ့်ဒေသကို ကိုယ်တိုင်ပါဝင်အုပ်ချုပ်သင့်ပါတယ်။ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သင့်ပါတယ်။   နိုင်ငံတကာရန်နဲ့    အခြားရန်တွေကို မြန်မာ့တပ်မတော်နဲ့အတူ ကာကွယ်သင့်ပါတယ်။ အတူကာကွယ်ဖို့ တာဝန်ရှိသလို အတူကာကွယ်နိုင်မယ့်နည်းလမ်းနဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အုပ်ချုပ်သူအစိုးရတွေက လည်း တီထွင်ကြံဆနည်းလမ်းရှာ အကောင်အထည်ဖော်ဆောင်ရွက် ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင် ပေါင်းစုံ ပေါ်ပေါက်လာခဲ့ပြီး အခုဆိုရင် လက်နက်ကိုင် EAO အဖွဲ့ ပေါင်း ၁၈ ဖွဲ့ရှိကာ ၁၀ဖွဲ့ NCA လက်မှတ်ရေးထိုးထားပြီး NCA မရေး ထိုးရသေးတဲ့အဖွဲ့တွေ ထိုးနိုင်ဖို့ ဘာကြောင့် မလုပ်နိုင်ရတာလဲ၊ အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းကြောင့်် ဒေသအလိုက် တော်လှန် ရေးအဖွဲ့တွေ  အများကြီးဖြစ်လာပြီ၊  ဘယ်လိုလုပ်ကြမှာလဲ၊  သူသေ ကိုယ်သေတိုက်နေလို့  အဖြေမရနိုင်တာ  သေချာတယ်။ ပြည်သူတွေပဲ ဒုက္ခရောက်၊ တိုင်းရင်းသား မြန်မာနိုင်ငံသားတွေ သေကြကျေကြမယ်။ ရွာတွေပျက်မယ်။   ဖွံ့ဖြိုးရေးလုပ်ငန်းတွေ  မလုပ်နိုင်ဖြစ်နေတယ်၊ ဆင်းရဲပြီး ဆင်းရဲမယ်။  ဒီအဖြေ  ဒီရလဒ်ပဲဖြစ်မှာ  သိနေကြတာပဲ။ ဒါဆိုရင် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြစ်တဲ့  တွေ့ဆုံညှိနှိုင်းရေး လုပ်ကြ ရမယ်၊ လုပ်မှဖြစ်မယ်။ လုပ်ဖို့ ကမ်းလှမ်းပေးကြဖို့ မေတ္တာရပ်ခံပါ တယ်။  စိန်ရတု  ပြည်ထောင်စုနေ့က    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ကန့်သတ်ချက်မထားရှိဘဲ  ဆွေးနွေးဖို့  ဖိတ်ခေါ်တာကို အသိအမှတ်ပြု ကြိုဆိုပါတယ်။ စဉ်ဆက်မပြတ် ဆက်လုပ်နေမယ်လို့ ယုံကြည်ပါတယ်။
ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍  စည်းကမ်းပြည့်ဝသော    ပါတီစုံဒီမိုကရေစီစနစ်   ထွန်းကားရေးတို့ အတွက်     ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး  ရှေ့ လုပ်ငန်းစဉ်၏ စတုတ္ထအချက်ပါ မူဝါဒနှင့်အညီ ဆောင်ရွက်လျက် ရှိရာ ၂၈-၂-၂၀၂၂ ရက်မှာ   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 
အဆိုပါထုတ်ပြန်ချက်မှာလည်း   “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်   သက်ဆိုင်သူအားလုံးအနေဖြင့်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ  တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင် ကြပါရန်”လို့  နိုင်ငံတော်အစိုးရအနေနဲ့  လက်ကမ်းကြိုဆိုလျက်ရှိ ပါတယ်။ 
ကျွန်တော်တို့ နှစ်ပေါင်းမြောက်မြားစွာက ရရှိလာခဲ့တဲ့ သင်ခန်းစာ တွေကို ပြန်ကြည့်ကြပါဦး။ သမိုင်းသင်ခန်းစာတွေက လုံလောက်နေပါ ပြီ။   သင်ခန်းစာ  ထပ်မလိုတော့ပါဘူး။    ဒီတော့    အဆုံးသတ်ရ ပါမယ်။ 
မြန်မာနိုင်ငံ၊   မြန်မာလူမျိုးတွေ၊   တိုင်းရင်းသားလူမျိုးတွေကို တကယ်ချစ်ရင်၊    EAO   တွေက   ကိုယ့်ဒေသ၊   ကိုယ့်လူမျိုးတွေကို တကယ်ချစ်ရင်၊ နိုင်ငံရေးခေါင်းဆောင်တွေက တကယ်ချစ်တယ်ဆိုရင်၊ အုပ်ချုပ်သူအစိုးရတွေက  တကယ်ချစ်တယ်ဆိုရင်   လက်နက်ကိုင် တိုက်နေကြတာတွေရပ်၊  တွေ့ဆုံညှိနှိုင်းဖို့  အစီအစဉ်တွေရေးဆွဲပြီး စဉ်ဆက်မပြတ်တွေ့၊   အပြန်အလှန်လေးစားမှု၊   နားလည်မှုတွေနဲ့ ခွင့်လွှတ်ကြပါ။   ညှိနှိုင်းကြပါ၊  အလျှော့ပေးကြပါ၊  တိုင်ပင်ကြပါ၊ နားလည်မှုယူကြပါ။ အားလုံး NCA လက်မှတ်ထိုးနိုင်အောင် လုပ်ကြပါ။ နိုင်ငံရေးပါတီတွေထောင်ပြီး နိုင်ငံရေးမှာ ပါဝင်ကြပါ၊ နိုင်ငံရေးပါတီ တွေကတစ်ဆင့် ရွေးကောက်ပွဲမှာ ပါဝင်ကြပါ။ ရွေးကောက်ပွဲက တစ်ဆင့် ကိုယ့်ဒေသအလိုက်   ပါဝင်အုပ်ချုပ်ကြပါ။   တိုင်းရင်းသားပါတီ တွေ ပါဝင်ခွင့်၊ အုပ်ချုပ်နိုင်ခွင့်ရှိမယ့် အခွင့်အရေးမျိုးလည်း ဖော်ဆောင် ကြပါ။   ပါတီကြီးတွေကနေ   တစ်ပါတီစနစ်မျိုးမဖြစ်အောင်   စီမံ ဆောင်ရွက်ကြပါလို့    အနူးအညွတ်လေးစားစွာဖြင့်   မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။
တကယ်ဖြစ်ချင်ရင် တကယ်ဖြစ်ပါတယ်။ တကယ်ခွင့်လွှတ်ဖို့ လိုပါတယ်၊ အတ္တနဲ့မာနတော့ လျှော့ရပါမယ်။ အပြန်အလှန် လေးစား တန်ဖိုးထားဖို့လိုပါတယ်။ နိုင်ငံနဲ့လူမျိုးကို တကယ်ချစ်ရင် ဖြစ် ပါတယ်။   အုပ်ချုပ်သူ   နိုင်ငံခေါင်းဆောင်တွေ၊  နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊  EAO တွေ၊  အရပ်ဘက်အဖွဲ့အစည်းတွေ၊ တော်လှန် ရေးလုပ်နေကြသူတွေ၊ နိုင်ငံသူ    နိုင်ငံသားအားလုံးက  မိမိတို့ရဲ့  လုပ်ပိုင်ခွင့်၊   အခွင့်အာဏာ၊  မိမိတို့ရဲ့ စွမ်းအားတွေကို “ငြိမ်းချမ်းရေး” အဖြစ် ပြောင်းလဲဆောင်ရွက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
တာဝန်ရှိသူခေါင်းဆောင်တွေက ၂၀၂၂ ခုနှစ်မှာ ထာဝရငြိမ်းချမ်း ရေး   ယူဆောင်ပေးနိုင်ကြပါစေလို့  တိုက်တွန်း   ဆန္ဒပြုလိုက်ပါ တယ်။      ။