ငြိမ်းချမ်းရေးခရီးလမ်းကို လျှောက်လှမ်းရာတွင် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအားလုံး၏ အားကြိုးမာန်တက် စုစည်းညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း ခွန်အားတစ်ရပ်ဖြစ်

 

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က

(၆၄) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့

ပေးပို့သည့် သဝဏ်လွှာ

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်

 

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-

 

ယနေ့ကျရောက်သည့် (၆၄) နှစ်မြောက်၊ ကရင်ပြည်နယ်နေ့ အခါသမယ တွင် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။

 

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ လှေလှော်ပြိုင်ပွဲများ၊ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲများ၊ ပြခန်းများ၊ ဇာတ်သဘင်တေးဂီတဖျော်ဖြေပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ကုန်စည်ပြပွဲ များ စသည့် ပွဲလမ်းသဘင်များဖြင့် (၅) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက် ကျင်းပလျက်ရှိပြီး အဆိုပါပွဲလမ်းသဘင်များတွင် ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

သမိုင်းကြောင်းအရ ကရင်ပြည်နယ်တွင် ရှေးယခင်ကတည်းကပင် ကရင်မျိုးနွယ်စု (၁၁) မျိုးတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ ချစ်ခင် ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း တိုင်းနှင့်ပြည်နယ်များ ဖွဲ့စည်းတည်ထောင်ခဲ့ရာတွင် ကရင်လူမျိုး များနေထိုင်သည့် ဒေသများကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် စတင် ဆောင်ရွက်ခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သည့် ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေ အမှတ် ၆၂ အရ သံလွင်ခရိုင်၊ ဖာပွန် ဒေသကို ကရင်ပြည်နယ်အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ်တိုးချဲ့သတ်မှတ်ရေးအက်ဥပဒေ အမှတ် ၁၄ အရ ကရင် ပြည်နယ်အား မြို့နယ်ပေါင်း (၆) မြို့နယ်ဖြင့် လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့၌ မြဝတီမြို့အား မြို့နယ်တစ်ခုအဖြစ်သတ်မှတ်၍ စုစုပေါင်း မြို့နယ် (၇) မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေအား နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသည့် နိုဝင်ဘာလ (၇) ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် ၁၉၅၅ ခုနှစ်မှစတင်၍ သတ်မှတ်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၆၄) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။

 

ပူးပေါင်းအကောင်အထည်ဖော်

 

ယနေ့အချိန်အခါတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ခိုင်မာစွာတည်ဆောက်နိုင်ရေး ရည်မှန်းချက်ဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု နှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့ တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား ပြီးဖြစ်သည့် ကရင်ပြည်နယ်တွင်လည်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ ၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍ၊ စီးပွားရေးကဏ္ဍ အစရှိသဖြင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ကရင် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ပြည်သူလူထုနှင့် အတူ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါသည်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မိမိတို့အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဆန္ဒတူညီ လက်တွဲဆောင်ရွက် လျက်ရှိကြပါသည်။ တိုင်းရင်းသားအားလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာ စေရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံအစည်း အဝေးများ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အခြေခံမူ (၅၁)ချက်ကို သဘောတူညီမှုရရှိထားပြီဖြစ်ပါသည်။ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှု၊ ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လေးစားလိုက်နာမှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် အတူတကွ ကြိုးပမ်းဖော် ဆောင်မှုများကြောင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲသံများချုပ်ငြိမ်းလာကာ မိမိတို့ဒေသဖွံ့ဖြိုးရေးကိစ္စအဝဝကို အာရုံစိုက်ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါသည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ဖော်ဆောင် နိုင်ကာ ကရင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားများ တစ်စ ထက်တစ်စ တိုးတက်မြင့်မားလာမည်ဟုလည်း မျှော်လင့်ထားပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက်ခိုင်မာအောင် တည် ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာဝပြောပြီး ရေရှည်တည်တံ့ခိုင်မြဲ သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို ပြည်သူတို့၏ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ဉာဏ်ပညာတို့ဖြင့် တည်ဆောက်နိုင် မည်ဟုလည်း ယုံကြည်ပါသည်။

 

ကရင်ပြည်နယ်သည် ဇွဲကပင်တောင်အပါအဝင် မပျက်စီးသေးသော သဘာဝတောတောင်များ၊ ရှေးဟောင်းစေတီပုထိုးများ၊ သဘာဝလိုဏ်ဂူများ နှင့် ရေတံခွန်စိမ့်စမ်းများ၊ သံလွင်မြစ်ကြောင်း စသည့် သဘာဝအလှများနှင့် ကရင်တိုင်းရင်းသားများ၏ ရိုးသားပွင့်လင်းမှု၊ ရင်းနှီးဖော်ရွေမှုများကြောင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်းများ အထူးဖွံ့ဖြိုးလာမည့် သာယာလှပ သည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် ကရင်ပြည်နယ်သည် မြန်မာ နိုင်ငံ၏ အရှေ့တောင်ဘက် အဓိကစီးပွားရေးကုန်သွယ်မှုနေရာ ဖြစ်ပါသည်။ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၂) စင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ဒေသခံတိုင်းရင်းသားပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ တိုးမြင့်လာခြင်းနှင့်အတူ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ဝမ်းမြောက်ဝမ်းသာစွာ တွေ့မြင်နေရပြီဖြစ်ပါသည်။

 

ဟန်ချက်ညီညီ ဝိုင်းဝန်းထိန်းသိမ်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရာ တွင် တွေ့ကြုံဆဲနှင့် တွေ့ကြုံလတ္တံ့သော အခက်အခဲများနှင့် စိန်ခေါ်မှုမှန်သမျှကို အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက စိတ်တူကိုယ်တူ ဆန္ဒတူဖြင့် ပူးပေါင်းလက်တွဲကာ ကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေးခရီးလမ်းကို လျှောက်လှမ်းရာတွင် ကရင်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများအားလုံး၏ အားကြိုးမာန်တက် စုစည်းညီညွတ်မှုဖြင့် ပူးပေါင်း ဆောင်ရွက်မှုသည်လည်း ငြိမ်းချမ်းရေးခရီး၌ ခွန်အားတစ်ရပ်အဖြစ် များစွာအထောက်အပံ့ဖြစ်လျက်ရှိပါသည်။ မိမိတို့ရရှိဖြစ်ထွန်းလျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းများအား မြဲမြံစွာဆုပ်ကိုင် လျက် အနှစ်နှစ်အလလက လိုလားတောင့်တခဲ့သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်စေရန် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ဝိုင်းဝန်းထိန်းသိမ်းပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့လိုက်ပါသည်။

 

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ