ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အမှတ် (၂ /၂၀၂၂)

 

မြန်မာနိုင်ငံက ပါဝင်ထောက်ခံမဲပေးခဲ့ပြီး  ၁၉၄၈ ခုနှစ်တွင်  အတည်ပြုချမှတ်ခဲ့သော ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၃ ၌ “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ် လုံခြုံခွင့် ရခွင့်ရှိသည်။” ဟု အသိအမှတ်ပြု ဖော်ပြပါရှိပါသည်။
အလားတူ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ထားသော အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း ၏ အပိုဒ် ၃၈ တွင်လည်း “အာဆီယံနိုင်ငံများရှိ ပြည်သူအားလုံးနှင့် လူတိုင်းတွင် ငြိမ်းချမ်းရေးကို ရရှိ ခံစားခွင့်ရှိကြသည်။” ဟု အသိအမှတ်ပြု ဖော်ပြပါရှိပါသည်။
ယင်းအခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ် သော ဦးစားပေးအခြေအနေတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရရှိခဲ့သဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း နိုင်ငံသားများအတွက် ဆိုးရွားသော ဆုံးရှုံးနစ်နာမှုများနှင့် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်ကို အလွန်အမင်းအလေးထားဖော်ပြရန် မလိုအပ်တော့ပါ။ မြန်မာနိုင်ငံရှိ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်သစ်များ၏ အကျိုးစီးပွားအတွက် ယင်းကဲ့သို့ ကံအကြောင်းမလှသည့်  အခြေ အနေများကို အပြီးအပြတ်နှင့် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန် အချိန်တန်ပြီဖြစ်ပါသည်။
ထို့ကြောင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်မှုသည် လမ်းကြောင်းမှန်ကို   ရှေးရှု၍    ကြီးမားသော ခြေလှမ်းလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသူအားလုံးက အမိအရ ရယူ အသုံးချရမည့် အခွင့်အခါကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အလို့ငှာ မျှော်မှန်းထားသည့် ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အလုံးစုံဖြစ်ပေါ်လာရေး ဖြစ်နိုင်သမျှ အခြေအနေများကို ကြိုးပမ်း အားထုတ်ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈  ရက်