
ဇာနည်ဘွား
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် ကေအင်(န်)ယူ ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်နှင့် ကေအင်(န်)ယူ ထိပ်ပိုင်း အပြောင်းအလဲများနှင့်အတူ “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး၊ ကရင်အမျိုးသားတို့၏ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများရရှိရေး” စသည်ဖြင့် ဖော်ပြထားသည့် ထုတ်ပြန်ကြေညာချက်များ။
တစ်ဖန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ “KNU အနေ ဖြင့် စစ်တပ်အာဏာသိမ်းယူမှု၊ မဟာလူမျိုးကြီး ဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားပြီး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထု လူတန်းစားအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည် ဟု ထုတ်ပြန်ထားခြင်းသည် အပြုသဘောမဆောင် ဘဲ NCA ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းသို့ ဦးတည်နေ ကြောင်း။
ကောင်းမွန်သောရလဒ်များ ရရှိ
လက်ရှိကာလတွင် နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ကိုဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန် သောရလဒ်များနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဘုံသဘောတူညီချက်များ ရရှိခဲ့သည့်အပြင် ယခုအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့် ထားဆဲဖြစ်ကြောင်း” စသည့် သဘောထား ထုတ်ပြန်ချက်များ။
တစ်ဆက်တည်းမှာပင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၆) ၏ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၏ “တိုက်ပွဲဖော်ဆောင်သူ၊ ပစ်ခတ်သူများကို မေးလိုသည်။ ကျွန်ုပ်တို့ ဒေသ တွင်းနေထိုင်ကြသော မိဘပြည်သူများသည် လက်ရှိ ကာလ၌ ပစ်ခတ်တိုက်ခိုက်နေကြခြင်းကြောင့် လယ်ယာထွန်ယက်စိုက်ပျိုးရမည့် အချိန်၊ ကလေး သူငယ်များ ကျောင်းတက်ပညာ သင်ယူရမည့်အချိန် ၌ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ဘဲ ပြေးရှောင် နေကြရသည်။ တိုက်ပွဲကြောင့် ဆုံးရှုံးစွန့်လွှတ် နေကြရသည်ကို ဂရုပြုမိပါသလား။
လက်နက်ကိုင်အဖွဲ့များ၏ ကြွေးကြော်သံနှင့်ဆောင်ရွက်လိုကြသည့်အရာတို့သည် ကျွန်ုပ်တို့ ပြည်သူများနှင့် ရင်သွေးငယ်များအတွက် ရှိပါသေး သလား။ ထည့်သွင်းထားရှိပါသေးလား။
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါက အားလုံးအတွက် အကျိုးများစေမည်ဟု ယုံကြည်
ထို့ကြောင့် မိဘပြည်သူအတွက်၊ အမျိုးသားထု အတွက် ဆောင်ရွက်နေကြပါသည်ဟု ပြောဆို ကြွေးကြော်နေကြသော လက်နက်ကိုင်အဖွဲ့များ အား မေတ္တာရပ်ခံလိုသည်မှာ လက်ရှိဖြစ်ပေါ်နေ သော နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးအခြေအနေ၊ အနေအထားအရ တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းမှတစ်ဆင့် ပြောဆိုညှိနှိုင်းမှုများ ပြုလုပ်ပါက ယခုလက်ရှိပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေကြသည့် ဆောင်ရွက်မှုလုပ်ငန်းများ ထက် အဆများစွာ အားလုံးအတွက် ပိုမိုသာလွန် အကျိုးများစေမည်ဟု ယုံကြည်ပါသည်။ ညှိနှိုင်း ဆောင်ရွက်ကြစေလိုသောဆန္ဒဖြင့်” ဟူသည့် လူမှု ကွန်ရက်စာမျက်နှာထက်က သဘောထားထုတ် ဖော်တင်ပြခြင်းတို့ကို သတိပြုဖတ်ရှုခဲ့မိသည်။
တပ်မတော်က ကေအင်(န်)ယူတို့၏ မဲသဝေါ၊ မော်ဖိုးကေ၊ မဲလ၊ မာနယ်ပလော၊ ကော့မူးရာ (ခေါ်) ဝါးခသစ်စသည့် အခိုင်အမာစခန်းများအပေါ် ၁၉၈၈-၈၉၊ ၁၉၉၅ ခုနှစ် ကာလများတွင် ထိုးစစ် ဆင်နွှဲခဲ့ပြီး သိမ်းယူနိုင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ။
တိုက်ပွဲများကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် လူမှုရေးရာများကို ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းမလုပ်နိုင်ဘဲ တစ်ဖက်နိုင်ငံနယ်မြေအတွင်းရှိ ဒုက္ခသည်စခန်းများ တွင် ပင်ပန်းဆင်းရဲစွာနေခဲ့ရရှာသည့် ဒေသခံကရင် တိုင်းရင်းသားပြည်သူများကို ပြန်လည်အမှတ် ရလာမိသည်။
ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ဆွေးနွေး
ခရစ်နှစ် ၂၀၀၀ ကျော်လွန်နှစ်များအတွင်း၌မူ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်နီ ယှက်ဖြာသန်းလာခဲ့သည်ဟု ဆိုရပါမည်။ အမှန် တကယ်အားဖြင့်မူ ၁၉၉၃ ခုနှစ် နှစ်ဆန်းကာလ ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် အစပျိုးဖြစ်တည်လာခဲ့သည်။ ကေအင်(န်)ယူ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြနှင့် ဦးထိန်မောင်တို့ သည် ထိုစဉ်က တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်းကို ထိုင်းတပ်မတော်မှ တစ်ဆင့်ကမ်းလှမ်းခဲ့သည်။ သို့ဖြင့် နှစ်ဖက် ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးရရှိရေး အတွက် ၁၉၉၆ ခုနှစ်အထိ အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြသည်။
၁၉၉၇ ခုနှစ် နှစ်ဆန်းကာလတွင်မူ ဒေါနမြေ၏ ငြိမ်းချမ်းရေးခရီးစဉ်သည် အနှောင့်အယှက်၊ အဟန့် အတားများ ဖြစ်ပေါ်လာခဲ့သည်။ အမေရိကန်နိုင်ငံ အဖွဲ့အစည်းတစ်ခုက ကမကထပြု၍ KNU မှ ဦးဆောင်သော DAB နှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများပါဝင်သော မဲသဝေါဆွေးနွေး ပွဲအပြီးတွင် “အမျိုးသားညီလာခံကို အသိအမှတ် မပြုကြောင်း၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုနှင့် အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင်ဆွေးနွေးမှု ပြုလုပ်ရန်၊ အာဆီယံအဖွဲ့ဝင်အဖြစ် လက်မခံသေးဘဲ ဆိုင်းငံ့ထားရန်၊ ဒီမိုကရေစီရေးနှင့် လူထုတိုက်ပွဲကို ထောက်ခံကြောင်း” စသည့်အချက်များပါဝင်သည့် ထုတ်ပြန်ကြေညာချက်နှင့်အတူ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း ရပ်ဆိုင်းသွား ခဲ့ပြီး ကေအင်(န်)ယူဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပင် ပြန်လည်လုပ်ဆောင်လာခဲ့လေသည်။
သို့ရာတွင် ကေအင်(န်)ယူ ဥက္ကဋ္ဌကြီးဗိုလ်ချုပ်မြ အပါအဝင် ငြိမ်းချမ်းရေးကို လိုလားကြသော ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့၏ ကြိုးပမ်းမှုများကြောင့် ၂၀၀၃ ခုနှစ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည်များ ပြန်လည်ယှက်သန်း လာခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများစတင်
၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကေအင်(န်)ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၊ ဦးထိန်မောင်၊ ဦးတူးတူးလေး၊ ဦးဒေးဗစ်ထော၊ ဦးစောဂျော်နီတို့ ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အသေးစိတ်ဆွေးနွေးမှုများ စတင်ဆောင်ရွက်နိုင်ခဲ့ကြသည်။
ထို့နောက်ပိုင်းတွင် ကေအင်(န်)ယူ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မြသည် ကျန်းမာရေး ချို့ယွင်းလာမှုကြောင့် ဆေးကုသမှုခံယူနေစဉ်မှာပင် ကွယ်လွန်သွားခဲ့ ရှာသည်။ ဗိုလ်ချုပ်မြသည် ငြိမ်းချမ်းရေးမရယူနိုင် ခင်မှာ ကွယ်လွန်သွားခဲ့ရှာသော်လည်း သူကိုယ်တိုင် လိုလားတောင့်တပြီး အစပျိုးခဲ့သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာမူ ဆက်လက်ရှင်သန် အသက် ဝင်ခဲ့၍ အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပေသည်။
ကရင်တိုင်းရင်းသားတို့၏ ဇွဲကပင်မြေ၊ ဒေါန မြေဝယ် ဗုံးသံ၊ သေနတ်သံများအစား ဖားစည်သံ များ၊ ကရင်ဒုံးယိမ်းအသံများ ဝေဆာလာသည်။ နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲစသည့် ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့ ပွဲတော်များဖြင့် စည်ကားလာသည်။ တည်ငြိမ် အေးချမ်းလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို နိုင်ငံတော်က တတ်နိုင်သမျှ ဆောင်ရွက် ပေးနိုင်ခဲ့၍ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုမဖြစ်နိုင်
သမ္မတဦးသိန်းစိန်ဦးဆောင်သော ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင်မူ ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီစနစ်မထွန်းကားနိုင်သလို ငြိမ်းချမ်းရေး မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုမဖြစ်နိုင်ဟုခံယူပြီး ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင် ရန် ငြိမ်းချမ်းရေးကမ်းလှမ်းသည့် ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့နှင့် ဆွေးနွေး ဆောင်ရွက်ခဲ့သည်။
ပြည်နယ်အဆင့် သဘောတူညီချက်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ ရရှိ လာစေရန် ရက်ပေါင်း ၁၄၅၀ အတွင်း တွေ့ဆုံ ညှိနှိုင်းမှုများအပါအဝင် အစည်းအဝေးပေါင်း ၅၀၀၀ ခန့်ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့အား သက်သေထား ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ကေအင်(န်) ယူအဖွဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက်ကေအင်(န်)ယူ ဘက်မှ ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမူတူစေးဖိုးနှင့် ပဒိုဒေးဗစ်ထော(ကွယ်လွန်)တို့သည် အထူးကြိုးပမ်း ဆောင်ရွက်သွားခဲ့ကြသည်။ ပဒိုဒေးဗစ်ထောသည် ကရင်တစ်မျိုးသားလုံးအတွက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းစဉ်အတွင်း မင်္ဂလာဒုံစစ်ဆေးရုံကြီး၌ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရှာသည်။ သူသည် အဆုတ်တစ်ခြမ်း သာရှိ၍ အောက်ဆီဂျင်ဘူးကို အမြဲဆောင်ယူအသုံးပြုနေရသူဖြစ်သည့်တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင် အားတက်သရော ပါဝင်ဆွေးနွေးခဲ့သည်။ ပဒိုဒေးဗစ်ထောအား ဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီး ဦးအောင်မင်းက ဘားအံမြို့၌ ဒေးဗစ်ထောခန်းမ ကို ဖွင့်လှစ်တည်ထောင်ပေးခဲ့သည်။
ဒေသခံပြည်သူများ မြို့လုံးကျွတ်ကြိုဆို
ကရင်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ကေအင်(န်)ယူအဖွဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် အထူးလိုလား တောင့်တခဲ့ကြသည်။ ပြည်နယ်အဆင့် အပစ် အခတ်ရပ်စဲရေးအဆင့်မှာပင် လာရောက်ဆွေးနွေး ခဲ့ကြသည့် ကေအင်(န်)ယူအဖွဲ့ကို ဘားအံမြို့၌ ဒေသခံပြည်သူများက မြို့လုံးကျွတ်မျှ ဝမ်းပန်း တသာကြိုဆိုခဲ့ကြသည်။
ငြိမ်းချမ်းရေး၏အရသာ၊ ငြိမ်းချမ်းရေး၏ တန်ဖိုးကို ပဋိပက္ခများကြားတွင် နှစ်ပေါင်းများစွာ တထိတ်ထိတ်၊ တလန့်လန့်ကျီးလန့်စာစား နေထိုင် ခဲ့ကြရသော ဒေသခံတိုင်းရင်းသားပြည်သူများက အဝေးတစ်နေရာမှမြှောက်ပင့်သွေးထိုး လှုံ့ဆော် နေသူများထက် ပို၍ခံစားနားလည်သဘောပေါက် ခဲ့ကြသည်။
သမ္မတဦးသိန်းစိန်ကလည်း “အချင်းချင်းဝါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲနဲ့တိုက်ခိုက် သတ်ဖြတ်နေကြတာ ကချင်တစ်ယောက်သေလည်း တိုင်းပြည်ဆုံးရှုံး တာပဲ၊ ရှမ်းတစ်ယောက်သေလည်း တိုင်းပြည်ဆုံးရှုံး တာပဲ၊ ကရင်တစ်ယောက်သေလည်း တိုင်းပြည် ဆုံးရှုံးတာပဲ။ ဗမာတစ်ယောက်သေလည်း တိုင်းပြည် ဆုံးရှုံးတာပဲ။ ဆုံးရှုံးတာကတော့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ အင်အားပြုန်းတီးစေတာပါပဲ” ဟု ထိုစဉ်က ပြောကြားခဲ့သည်။
လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ပေးပို့ခဲ့သော သဝဏ်လွှာတွင် “ကရင်တိုင်းရင်းသားတို့၏ တိုင်းပြည်အပေါ်ထားရှိ သည့် ကောင်းမွန်သော စိတ်ထားများကြောင့် ငြိမ်းချမ်းရေးအသီးအပွင့်ကို လက်တွေ့သိရှိခံစား နေရပြီး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိတွေ့ ခံစားနေရပြီဖြစ်သည်။ ထိုရရှိပြီးသော ရလဒ် ကောင်းများကို ပိုမိုတိုးတက်ဖြစ်ထွန်းအောင် ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးအမွေကို သားစဉ် မြေးဆက်ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက် သွားကြရန်မှာ ကရင်တိုင်းရင်းသားတို့၏ သမိုင်း ပေး တာဝန်ပင်ဖြစ်သည်။
မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ တာဝန်ရှိသူ သက်ဆိုင်သူအားလုံးက မှန်ကန်သော စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒ တို့ဖြင့် တက်ညီလက်ညီစုပေါင်းအကောင်အထည် ဖော်ကြရန် လိုအပ်ကြောင်းဖော်ပြအပ်ပါသည်” စသည်ဖြင့် ဖော်ပြခဲ့သည်။
ထို့အတူ “လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုငဲ့ကွက်ပြီး သက်ဆိုင်သူအားလုံးက ပြည်တွင်း ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုးဆက်သစ် များကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်” စသည်ဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည်။
ကရင်ပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး၏ အချက်အချာဒေသတစ်ခုဖြစ်သည့်အပြင် သဘာဝ အလှတရားများတည်ရှိရာ ဒေသတစ်ခုလည်းဖြစ် သည်။ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး အဖိုးတန် သစ်တောများလည်းရှိနေသည့်အတွက် ရာသီဥတု သမမျှတပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းသည့် ပြည်နယ်တစ်ခုလည်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံး အလိုအပ်ဆုံးအရာမှာ ထာဝရငြိမ်းချမ်းရေးသာဖြစ်
ကရင်တိုင်းရင်းသားများအနေဖြင့်လည်း အစဉ် အဆက် ရိုးသားဖြူစင်ကြသည်။ ဘာသာတရားကို ရိုသေကိုင်းရှိုင်းကြသည်။ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းများကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြသူများ ဖြစ်ကြသည်။ ဇာတိချက်ကြွေ မွေးရပ်မြေအပေါ် ခင်တွယ်ကြသည်။ ကိုယ့်ရပ်ကိုယ့်ရွာတွင် ငြိမ်းငြိမ်း ချမ်းချမ်း၊ အေးချမ်းပျော်ရွှင်စွာနေထိုင်လိုကြသည်။ ယနေ့ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံး တွင် အလိုအပ်ဆုံးအရာမှာ ထာဝရငြိမ်းချမ်းရေးသာ ဖြစ်ပေသည်။
ဘယ်လ်ဂျီယံနိုင်ငံသား ကဗျာဆရာတစ်ဦး၏ “စစ်ပွဲတွေက နတ္ထိတရားကို ယူဆောင်လာလေရဲ့” ဟူသည့် ကဗျာလေးကိုအမှတ်ရမိသည်။ ကဗျာ ဆရာသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တပ်များ ဘယ်လ်ဂျီယံနိုင်ငံအတွင်း ဝင်ရောက်သိမ်းပိုက်စဉ် လမ်းမကြီးပေါ်က စစ်ပြေးဒုက္ခသည်များကို ကြည့်ရင်း ...
“သူတို့ပိုင်ဆိုင်သမျှကလည်း နတ္ထိ
အဆုံးအစမရှိတဲ့ လမ်းမကြီးတစ်ခုကလွဲလို့
အနာဂတ်ကလည်း နတ္ထိ၊
ဒီရေ ဒီမြေက လူတွေအတွက်
ဂြိုဟ်ဆိုးဟာ နတ္ထိတရားနဲ့စောင့်နေလေရဲ့”
ဟူ၍ ရေးစပ်ခဲ့ခြင်းဖြစ်သည်။
သို့ဆိုလျှင် ပကတိအရှိတရားအရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်း သည်သာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိနိုင်ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သား စည်းလုံးညီညွတ်ရေးတို့အတွက် လမ်းကြောင်း မှန်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments