
လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက် ပေးနိုင်ရန်၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်း မြှင့်တင်ရန်နှင့် ဗလငါးတန် ဖွံ့ဖြိုး လာစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေး အတွက် လူငယ်များက စည်းလုံးညီညွတ် စွာဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်စေရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော လူငယ်ရေးရာကော်မတီ စုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့ တွင် မန္တလေးမြို့ မန္တလာသီရိ အားကစား ကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါစုံညီပွဲတော်ကို “သွေးချင်း ညီနောင်၊ ကောင်းကျိုးဆောင်၊ ပြည်သစ် အောင်ဖို့ ဆွေးနွေးစို့” ဟူသည့် ဆောင်ပုဒ် ဖြင့် ကျင်းပခြင်းဖြစ်ပြီး တက်ရောက် လာကြသူများ၏ စကားသံများကို စုစည်း ၍ ဖော်ပြလိုက်ပါသည် -
ဦးမောင်ကို
(မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်)
ကျောင်းသူ ကျောင်းသား လူငယ် လူရွယ်တွေအနေနဲ့ ငြိမ်းချမ်းမှုရှိရင် တိုင်းပြည်သာယာမယ်ဆိုတဲ့ အသိလေး ရရှိစေဖို့ ဒီပွဲကို ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ ပညာသာလျှင် အဓိက၊ ပညာတတ်ရင် အမှားအမှန်ကို ခွဲခြား နိုင်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ သဘာဝအရင်းအမြစ်တွေရှိပြီး ဘာကြောင့် မတိုးတက်တာလဲဆိုတော့ ငြိမ်းချမ်းရေးမရလို့ မတိုးတက်တာဆို ပြီး တိုင်းရင်းသား တိုင်းရင်းသူတွေ က ဆွေးနွေးသွားကြပါတယ်။ မန္တလေး တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ အနေနဲ့ ဒီပွဲကို စီစဉ်ကျင်းပရတာ ရာနှုန်းပြည့် အောင်မြင်တယ်လို့ ပြောချင်ပါတယ်။
ပါမောက္ခဒေါက်တာမျိုးသက်တင်
(ပါမောက္ခချုပ်၊ မန္တလေးဆေးတက္ကသိုလ်)
မြန်မာနိုင်ငံမှာ ဒီလိုပွဲတွေ ကျင်းပ ခြင်းဖြင့် တိုင်းရင်းသားတွေ အချင်းချင်း၊ ကျောင်းသူ ကျောင်းသားတွေ အချင်းချင်း ရင်းနှီးသွားကြပါတယ်။ နိုင်ငံမှာ ငြိမ်းချမ်း ရေးက အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါ တယ်။ ဒီပွဲကျင်းပခြင်းဖြင့် နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး၊ ကျောင်းသူ ကျောင်းသားတွေအားလုံးက ငြိမ်းချမ်းရေး ဆိုတာရှိသင့်တဲ့ အရာတစ်ခု၊ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တိုင်းပြည်ကို ကြိုးပမ်း တည်ဆောက်ကြမယ်လို့ သူတို့ခံယူသွား မယ်လို့ မျှော်လင့်ပါတယ်။
ဦးစန်းအောင် (ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ တိုင်းဒေသကြီးပညာရေးမှူးရုံး)
မန္တလေးတက္ကသိုလ် အသီးသီးမှာ တက်ရောက်နေကြတဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေက သူတို့နေထိုင်ရာ ဒေသတွေအကြောင်း၊ ဒီဒေသတွေမှာ ဒေသဖွံ့ဖြိုးဖို့အတွက် ငြိမ်းချမ်းရေးလိုအပ် တယ်ဆိုတဲ့အကြောင်းတွေကို ထည့်သွင်း ဆွေးနွေးသွားကြပါတယ်။ ဒီပွဲကို တက် ရောက်လာတဲ့ Grade 9 , Grade 10, Grade 11 ကျောင်းသား ကျောင်းသူတွေ အနေနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ တွေရဲ့ ငြိမ်းချမ်းရေးလိုအပ်ချက်ရှိတာ ကို ဆွေးနွေးသွားကြတာကို ကြားသိရတဲ့ အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက် သစ်၊ လူငယ်လူရွယ်တွေရဲ့ ရင်ထဲမှာ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်လိုအပ်တာက ငြိမ်းချမ်းရေးဆိုတာကို ကောင်းစွာ နားလည် သဘောပေါက်သွားပါတယ်။ သူတို့အနေနဲ့ ရှေ့ဆက်လက်ပညာသင်ယူ တဲ့အခါ၊ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ၊ နိုင်ငံတာဝန်ကို ထမ်းဆောင်တဲ့အခါ ငြိမ်းချမ်းရေးရရှိ အောင် ကျရာနေရာကနေ ဆောင်ရွက်နိုင် ကြဖို့ ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ တွေအနေနဲ့ အခြေခံပညာပြီးမြောက် အောင်မြင်လို့ တက္ကသိုလ်တက်တဲ့အခါ သူတို့ဝါသနာပါရာ ဘာသာရပ်တွေကို ရွေးချယ်နိုင်အောင် ဒီပြပွဲမှာ လေ့လာခွင့် ရရှိပါတယ်။
ဦးဇော်နိုင်ဦး (ညွှန်ကြားရေးမှူး၊
တိုင်းဒေသကြီးအစိုးရအဖွဲ့)
တိုင်းရင်းသား တိုင်းရင်းသူ၊ ကျောင်းသား ကျောင်းသူလေးတွေက တို့ပြည်နယ် မတိုးတက်တာ၊ တို့တိုင်းပြည် မတိုးတက်တာ ငြိမ်းချမ်းရေးမရတဲ့ အတွက်ကြောင့်ဖြစ်ပြီး ငြိမ်းချမ်းမှုရှိရင် ခံစားရမယ့် အသီးအပွင့်တွေ၊ အကျိုး ကျေးဇူးတွေကို ဆွေးနွေးကြတာ ဖြစ်ပါ တယ်။ တိုင်းရင်းသားရိုးရာ အကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံပညာ အထက်တန်း ကျောင်းသားကလေးတွေက အထက် တန်းအောင်မြင်ပြီးရင် ရှေ့ဆက်လက် အဆင့်မြင့်ပညာ တက္ကသိုလ်ပညာတွေ သင်ယူကြဖို့အတွက် လေ့လာနိုင်တဲ့ ပြခန်း ပေါင်း ၃၀ ခန့် ပါဝင်ပါတယ်။ တက်ရောက် လာတဲ့ ကျောင်းသား ကျောင်းသူပရိသတ် တွေအားလုံးကို စတုဒိသာမဏ္ဍပ်က အစားအသောက်တွေနဲ့လည်း ဧည့်ခံသွား မှာဖြစ်ပါတယ်။
ဦးအောင်တိုး (ဒုတိယဥက္ကဋ္ဌ၊ မန္တလေး တိုင်းဒေသကြီး စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း)
အသင်းအနေနဲ့ ဒီပွဲတော်မှာ အတူ နွှဲပျော်မယ့် ကျောင်းသား ကျောင်းသူ တွေအတွက် အာဟာရအလို့ငှာ မုန့်ထုပ် ပေါင်း သုံးသောင်းဝန်းကျင် ပါဝင်လှူဒါန်း ပါတယ်။ အနာဂတ်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ၊ အနာဂတ်မှာ တန်ဖိုး ရှိတဲ့ ကလေးတွေအတွက် လှူဒါန်းရခြင်း ဖြစ်လို့ ကျွန်တော်တို့မှာ ပီတိဖြစ်ရပါ တယ်။ အသင်းအဖွဲ့အနေနဲ့ ပြောပြော၊ ပြည်သူတစ်ယောက်အနေနဲ့ ပြောပြော မျိုးဆက်သစ် ကျောင်းသား ကျောင်းသူ လေးတွေကို အထောက်အပံ့ပြုတယ်လို့ ခံယူပါတယ်။
မောင်ဝေမျိုးထွန်း (ကျောင်းသား -
Grade 10 ၊ အထက ၃၃ အောင်မြေသာစံ မြို့နယ်)
တိုင်းရင်းသားတွေက သူတို့ဒေသရဲ့ ယဉ်ကျေးမှုတွေအကြောင်း၊ ဒေသထွက် ရိုးရာ အစားအစာတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်ချက်တွေကို ဆွေးနွေး သွားတဲ့အတွက် လေ့လာသိရှိခွင့်ရခဲ့ပါ တယ်။ လူငယ်တွေ အသိပညာ ဗဟုသုတ ရရှိအောင် ဒီလိုပွဲတွေစီစဉ်ပေးတဲ့ တာဝန် ရှိသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်း - မိုးယံ
ဓာတ်ပုံ - ကိုသွင်(မန်းကိုယ်ပွား)