
နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက် ရှိရာ ဂန္တဝင်နှင့် မျိုးဆက်သစ်တေးသံရှင်များ စုပေါင်းတင်ဆက်မည့် “ငွေနှင်းစိုစို သီချင်း ချိုချို” တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၈ ရက်(သောကြာနေ့) ည ၈ နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်ကို စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် တေးသံရှင်များဖြစ်ကြသည့် တင်ဦးလေး၊ ကေတုဝင်းထွဋ်တို့နှင့်အတူ တူယှဉ်နွှဲပျော်ဂီတပွဲ တော်ပြိုင်ပွဲမှ မျိုးဆက်သစ် တေးသံရှင်များဖြစ်ကြသည့် ဇင်သူသူထွန်း၊ ချိုမီမီဇော်၊ မြတ်နိုးစံ၊ ဇော်ထွေးလတ်၊ ကြူကြူခိုင်၊ ဈာန်ထူး၊ ရေဂျီနားနှင့် ချမ်းဟိန်းဝင်းထွန်းတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဖေဖော်ဝါရီ ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်