
ဘုတ်ပြင်း အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘုတ်ပြင်း မြို့နယ်တွင် ငွေကျပ်သန်းပေါင်း ၅၄၀၀ ကျော်ဖြင့် တည်ဆောက် လျက်ရှိသော ဘုတ်ပြင်း-အုန်းတောကမ်း တံတားသစ် သည် တံတားတည်ဆောက်ရေး လုပ်ငန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သဖြင့် အချောသပ် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း တံတား ဦးစီးဌာနမှ သိရသည်။
ဘုတ်ပြင်းမြို့နှင့် အုန်းတော ကမ်းကျေးရွာအုပ်စုအား ကားလမ်း ချိတ်ဆက်ပေးမည့် ဘုတ်ပြင်း-အုန်းတောကမ်း တံတားသစ်သည် နှစ်လမ်းသွား သံကူ ကွန်ကရစ်တံတားဖြစ်၍ တံတားအရှည် ပေ ၁၂၀၀ ရှိပြီး ယာဉ်သွားလမ်း အကျယ် ၂၄ ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေစီ ပါဝင်သည်။ တံတား၏ ရေလမ်းကင်းလွတ် အကျယ် ၈၃ ပေနှင့် အမြင့် ၁၈ ပေရှိကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တံတားအထူးအဖွဲ့(၁၃)မှ ငွေကျပ် ၅၄၃၄ သန်း အသုံးပြု တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဘုတ်ပြင်း-အုန်းတောကမ်း တံတားသစ်ကို တံတားအောက်ခံ အုတ်မြစ်များအား အချင်း (၁ ဒသမ ၂) မီတာရှိသည့် ဘိုးပိုင်များဖြင့် တည်ဆောက်ထားကာ တံတားကိုယ်ထည်မှာ သံကူကွန်ကရစ်ဖြစ်သည်။ တံတားအပေါ်ထည်အား သံကူကွန်ကရစ်ရက်မ၊ သံမဏိရက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားသည်။ ပင်လယ် ရေငန်နှင့် ထိစပ်နေသောအပိုင်းများတွင် ရေငန်ထိတွေ့မှု ခံနိုင်ရည် ရှိစေရန်အတွက် သတ်မှတ်ချက်နှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများအား တိုက်စားမှုဒဏ်ခံဆေး သုတ်လိမ်းထားကြောင်း တံတားအထူးအဖွဲ့(၁၃)မှ သိရသည်။
အဆိုပါ တံတားသစ် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဧပြီ ၁၈ ရက်က စတင်တည်ဆောက်ခဲ့ပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများ အချောသပ်ဆောင်ရွက်ပြီးစီး၍ တံတားချဉ်းကပ်လမ်းခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အုန်းတောကမ်းဘက်ရှိ ကျေးရွာအုပ်စုများမှ ဒေသခံများ ဘုတ်ပြင်းမြို့သို့ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။ ထို့အတူ ခြံထွက်သီးနှံများနှင့် ရေထွက် ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ယခင်ကထက် ပိုမိုလျင်မြန်လွယ်ကူလာမှုနှင့်အတူ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)