
နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲဖြစ်ပေါ် နေသည့် နိုင်ငံသားများကို ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ် သည့် ကူညီမှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်း အဝေးများတွင် လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ပ ရောက်မြန်မာနိုင်ငံသားများကို နေရပ်သို့ ပြန်လည် ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ မလေးရှား နိုင်ငံသို့ ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခံခဲ့ရ သည့် မြန်မာနိုင်ငံသား ၁၇ ဦးကို မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှု များကြောင့် စက်တင်ဘာ ၆ ရက်နှင့် ၂၀ ရက်
တို့တွင် အသုတ်လိုက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနိုင်ခဲ့သည်။
အလားတူ မလေးရှားနိုင်ငံရောက် မြန်မာ
နိုင်ငံသား ခြောက်ဦးသည်လည်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် တရားမဝင် လမ်းကြောင်းဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့စဉ် ငွေကြေးလိမ်လည်ခြင်း ခံခဲ့ရသဖြင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းအဖွဲ့ များမှတစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ရုံးသို့ စက်တင်ဘာ ၁၃ ရက်တွင် ဆက်သွယ်လာခဲ့သည်။
ထိုသို့ ဆက်သွယ်လာမှုကြောင့် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ တာဝန်ရှိသူများက အဆိုပါမြန်မာနိုင်ငံသား ခြောက်ဦး ထံမှ ငွေကြေးလိမ်လည်သွားခဲ့သူအား ဖမ်းဆီးရမိရေး မလေးရှားနိုင်ငံ ရဲသတင်းတပ်ဖွဲ့နှင့် ပူးပေါင်း
ဆောင်ရွက်ခဲ့ပြီး ၎င်းတို့ လိမ်လည်ခြင်းခံခဲ့ရသည့် ငွေကြေးများကို ပြန်လည်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံ သို့ ပြန်လည်ထွက်ခွာနိုင်ရေး မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများနှင့် လိုအပ်သည့် ညှိနှိုင်းစစ်ဆေးမှုများပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံသား ခြောက်ဦးအနက် သုံးဦးကို ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)၏ ကယ်ဆယ်ရေး လေယာဉ် (Relief Flight)ဖြင့် ပြန်လည်ခေါ်ဆောင် ပေးခဲ့ရာ ညနေ ၅ နာရီခန့်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် ပြန်လည် ရောက်ရှိရန်ကျန်ရှိသူသုံးဦးကို အမြန်ဆုံး ပြန်လည် ခေါ်ဆောင်နိုင်ရေး လိုအပ်သည့်ညှိနှိုင်းမှု၊ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲ ရှိနေသူများကို လိုအပ်သည့် ကူညီမှုများ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် ပြန်လည်ရောက်ရှိရန် အခက်အခဲဖြစ်ပေါ်နေသူများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်