
နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအမှတ် (၅၅) တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ တစ်ပတ်လျှင် နှစ်ကြိမ် ပြုလုပ်သည့် ပုံမှန်အစည်းအဝေးတွင်လုပ်ငန်းအဖွဲ့ ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေက အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia-Pacific Joint Group- APJG) ၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ အကဲဖြတ်သူများ၏ မေးခွန်းများအပေါ် မြန်မာအဖွဲ့ က ပြန်လည်ဖြေကြားချက်များကို ရှင်းလင်းတင်ပြ ကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ (APG) သို့ မြန်မာနိုင်ငံ၏ အကဲဖြတ်ချက် အစီရင်ခံစာပါ စံနှုန်းနိမ့်သည့် အကြံပြုချက်များ အတွက် စံနှုန်းတိုးမြှင့်တောင်းခံမည့် နည်းပညာ ပိုင်းဆိုင်ရာ လိုက်နာမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ လိုအပ်သည့် ညွှန်ကြားချက်များကို သတ်မှတ်ရက် တွင် ထည့်သွင်းပေးပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ တော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် က မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို လည်းကောင်း၊ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အကောင်အထည်ဖော်ရမည့် သက်ဆိုင်ရာဌာန အလိုက် ဆက်လက်ဆောင်ရွက်ရမည့် အချက်များ ကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ် သည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
အစည်းအဝေးသို့ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံ ဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး)၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်