
နေပြည်တော် ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများ၏ လက်ရှိအခြေအနေနှင့် ရေရှည်ကြံ့ခိုင်ရေး ကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။ (ယာပုံ)
ညှိနှိုင်းဆွေးနွေးရန် လိုအပ်
အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ပေးထားသည့် အဆောက်အအုံများ၏ လက်ရှိ အခြေအနေနှင့် ရေရှည်ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးကိစ္စရပ်များ သည် အလွန်အရေးကြီးသည့်အတွက် မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေရသည့် အဖွဲ့အစည်းများမှ တာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါကြောင်း။
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် အကြမ်း ဖက် ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင် လျက်ရှိသည့် အစ္စလာမ်ဘာသာဝင်များ တစ်ဖက်နိုင်ငံသို့ အုပ်စုလိုက် တရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်း အခြေချနေထိုင်ခဲ့ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်ခေါ်ယူရမည်ဖြစ်ကြောင်း ကို နိုင်ငံတကာသို့အသိပေးခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုအစီအစဉ်ကို ရေးဆွဲအတည်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
နေရပ်စွန့်ခွာသူများ စနစ်တကျ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားနိုင်ရေးအတွက် နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီကို ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်တွင် ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များကို စနစ်တကျအကောင်အထည်ဖော် နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီတို့ ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ ပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာချိန်တွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တောင်ပြို(လက်ဝဲ)၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီနေထိုင်နိုင်ရန် လှဖိုးခေါင်ကြားစခန်းများတွင် ယာယီ တဲတန်းလျားများကိုလည်းကောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးချိန်တွင် ပြန်လည်နေရာ ချထားရေးနှင့် တစ်ဖက်နိုင်ငံသို့ထွက်ခွာခြင်းမပြုဘဲ ဒေသ အတွင်း ကျန်ရှိနေသည့် နေရပ်စွန့်ခွာသူများအတွက် နေအိမ်များ၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ တံတား စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး အတွက် UEHRD က ဦးဆောင်၍ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် မိတ်ဆွေနိုင်ငံများ၏ ကူညီ ထောက်ပံ့ လှူဒါန်းငွေကျပ် ၁၈ ဘီလီယံကျော် သုံးစွဲခဲ့ ရပါကြောင်း။
တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအတွက် နေအိမ် ၁၈၅၄ လုံး တည်ဆောက် ပေးခဲ့ပြီး ၁၂၉၄ လုံး နေရာချထားပြီးဖြစ်ပါကြောင်း၊ နေအိမ်နှင့် တဲတန်းလျားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များအတွက် UEHRD ကော်မတီ ရန်ပုံငွေမှ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် သုံးစွဲခဲ့ရပါကြောင်း။
ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ
အဆိုပါ အဆောက်အအုံများကို စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်ထားသည့်အတွက် ပျက်စီး ဆုံးရှုံးမှုနည်းပါးအောင် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးစခန်းများ တွင် တည်ဆောက်ထားသည့် နေအိမ်များမှာ ယာယီနေထိုင် ရန်အတွက်သာ ရည်ရွယ်၍ တည်ဆောက်ထားသည့်အတွက် တစ်စတစ်စ ပျက်စီးယိုယွင်းလျက်ရှိပါကြောင်း၊ နောင်တွင် ရေရှည်အသုံးပြုနိုင်အောင် အစီအမံများဖြင့် စနစ်တကျ တည်ဆောက်ပေးရန် အရေးကြီးပါကြောင်းနှင့် နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေအိမ်အဆောက် အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို အကြံပြုဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်က နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်း၊ တံတားများတည်ဆောက်ခြင်း၊ ဆိုလာမီး၊ IDP စခန်းများအတွက် လုံးချင်းအိမ်ရာများ ဆောက်လုပ် ပေးခြင်း စသည့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအတွက် နေအိမ် များ တည်ဆောက်ရာတွင် ရာသီဥတု၊ ပထဝီအနေအထား တို့အပြင် ရခိုင်ပြည်နယ်တွင် ဒေသခံများ၏ နေအိမ် ဆောက်လုပ်ထားရှိမှု ပုံစံဒီဇိုင်းနှင့် နည်းပညာတို့ကိုပါ အခြေခံ၍ ဆောက်လုပ်ရန် လိုအပ်ပါကြောင်း၊ နေအိမ်အများ စုမှာ ပြင်းထန်သည့် ရာသီဥတုဒဏ်မခံရဘဲ ပျက်စီးမှုများ ရှိနေ၍ ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကို ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေး မဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုပါကြောင်း၊ မြန်မာ- ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဝင်ရောက် လာမည့်သူများအပြင် နယ်စပ်ခြံစည်းရိုးအနီးတွင် တရား မဝင် နေထိုင်သူများ ပြန်လည်ဝင်ရောက်လာနိုင်ရန်လည်း ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့်သူများကို စနစ် တကျ ပြန်လည်နေရာချထားနိုင်ရန် မြေနေရာ ရွေးချယ် ခြင်း၊ နေအိမ်များ တည်ဆောက်ခြင်းနှင့် လမ်းပန်းဆက်သွယ် ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများက ဘဏ္ဍာနှစ်အလိုက် စီမံ ကိန်းများ လျာထားဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြန်လည်လက်ခံ ရေးစခန်းများရှိ ယာယီတဲတန်းလျားများနှင့် ပြန်လည် နေရာချထားရေးအတွက် တည်ဆောက်ထားသည့် နေအိမ် များ၏ လက်ရှိအခြေအနေနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေများ၊ Cash For Work အစီအစဉ်ဖြင့် နေအိမ်ဆောက်လုပ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ပြန်လည်လက်ခံမည့် လူဦးရေစာရင်း များ စိစစ်ပြီးစီးမှု အခြေအနေများ၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြန်လည်နေရာချထားရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ နေအိမ်များတည်ဆောက်ပြီးစီးမှုနှင့် နေရာ ချထားပေးနိုင်မှု အခြေအနေများနှင့် နေအိမ်များ ဆောက်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိ သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ဝိုင်းဝန်းအကြံပြု ဆွေးနွေး
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက နေရပ်စွန့်ခွာသူများ စနစ်တကျ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ အဆောက်အအုံ များ ကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်