
နေပြည်တော် အောက်တိုဘာ ၈
နေပြည်တော် ရေပန်းဥယျာဉ် အတွင်း ကျင်းပလျက်ရှိသည့် ညဈေးရောင်းပွဲတော်သို့ အများ ပြည်သူ ရုံးပိတ်ရက်ဖြစ်သော ယနေ့တွင် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ၊ အနယ်နယ်အရပ်ရပ် မှ လာရောက်လည်ပတ်ကြသူများ ဖြင့် စည်ကားလျက်ရှိသည်။
“ညဈေးရောင်း ပွဲတော်ကို မိသားစုနဲ့အတူ လာခဲ့တာပါ။သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်တဲ့ အတွက် ညဈေးရောင်းပွဲတော်မှာ ရောင်းချပေးနေတဲ့ စားသောက် ဆိုင်တွေ၊ ဓာတ်ပုံရိုက်လို့ရမယ့် နေရာတွေမှာ လူစည်နေတာ ကို တွေ့ရပါတယ်။ ကလေး တွေ ကစားလို့ရမယ့်နေရာတွေ ပြုလုပ်ပေးထားတဲ့အတွက် ကျွန်မ တို့လို မိသားစုလိုက်လာတဲ့သူတွေ အတွက် ပိုပြီးအဆင်ပြေပါတယ်။အမှိုက်ပုံးတွေ နေရာတိုင်းမှာ ထားပေးတဲ့အတွက် စားသောက် ဆိုင်တွေနဲ့ စားသုံးသူတွေ အမှိုက် တွေကို သေချာစွန့်ပစ်ပေးစေချင် ပါတယ်” ဟု ညဈေးရောင်းပွဲတော် သို့ ပျဉ်းမနားမြို့မှ လာရောက် လည်ပတ်သူ မဝင့်ရတီလှိုင်က ပြောသည်။
ယနေ့ ညဈေးရောင်းပွဲတော် တွင် ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော် တေးသံရှင်များနှင့် The Voice Myanmar မှ တေးသံ ရှင်တို့က DJ၊ Music Band များ နှင့်အတူ ပရိသတ်အကြိုက်တေး သီချင်းများဖြင့် ညနေ ၆ နာရီမှ စတင်၍ ည ၉ နာရီအထိ သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။
ဆိုင်ခန်း ၅၀ ကျော် ဖွင့်လှစ်
ရေပန်းဥယျာဉ်ညဈေးရောင်း ပွဲတော်တွင် ထိုင်း၊ တရုတ်၊ ကိုရီး ယား၊ မြန်မာအစားအစာများ၊ ပင်လယ်စာများ၊ အထောင်းမျိုးစုံ စသည့် အစားအစာရောင်းချသည့် ဆိုင်ခန်းများအပြင် ကလေးကစား စရာ မီးလင်းရောင်စုံအရုပ်အရောင်း ဆိုင်များ အပါအဝင် ဆိုင်ခန်း စုစု ပေါင်း ၅၀ ကျော် ဖွင့်လှစ်ရောင်းချ လျက်ရှိသည်။
ညဈေးရောင်းပွဲတော်ကာလ အတွင်း နေပြည်တော်ရေပန်း ဥယျာဉ်သို့ လာရောက်လည်ပတ် ကြသူများအနေဖြင့် ဝင်ကြေး အဖြစ် ငါးနှစ်နှင့်အထက် ကလေး တစ်ဦးနှင့် လူကြီးတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ စီ ကျသင့်မည် ဖြစ်ပြီး ငါးနှစ်အောက်ကလေးများ ကို အခမဲ့ဝင်ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ညဈေးရောင်းပွဲတော် ကို နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူ များ သီတင်းကျွတ်ပွဲတော်ကာလ အတွင်း အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ အောက်တိုဘာ ၈ ရက် မှ ၁၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ဟိန်းမင်းစိုး