
နေပြည်တော် မေ ၂၁
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ရာနှုန်း ပြည့် အစုရှယ်ယာရှင်ဖြစ်သော နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဘဏ်ဒါရိုက်တာ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြား ရေးမှူးချုပ်များ၊ Win Thin & Associates Certified Public Accountants အဖွဲ့၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အဆိုပါဘဏ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမောင်မောင်နိုင်က တိုင်းပြည်တစ်ခု၏ အဓိက မောင်းနှင်အားမှာ စီးပွားရေးဖြစ်ပြီး စီးပွားရေး၏ အဓိကမောင်းနှင်အား တွင် ဘဏ်များသည် တစ်ခုအပါအဝင်ဖြစ်သည့် အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များအတိုင်း စဉ်ဆက်မပြတ် စနစ်တကျဖြင့် ထိထိရောက်ရောက် လည်ပတ် ဆောင်ရွက်ရန်နှင့် ယနေ့ခေတ် နည်းပညာကဏ္ဍများ တိုးတက်ပြောင်းလဲလာသည်နှင့်အညီ Digital Banking စနစ်သို့ ကူးပြောင်းနိုင်ရေးကိုလည်း အစဉ်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
လုပ်ငန်းဆောင်ရွက်မှုတင်ပြ
ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ် အတွက် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက် အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်ငြိမ်း က ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်၏ နှစ်ပတ်လည် အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းတင်ပြသည်။
ရှေ့လုပ်ငန်းစဉ်များအတည်ပြု
ထို့နောက် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းကို အတည်ပြုကြေညာ ခဲ့ပြီး (Win Thin & Associates Certified Public Accountants)မှ Managing Partner ဦးမိုးကျော်က ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်၏ စာရင်းစစ်အစီရင်ခံစာကိုဖတ်ကြားခြင်း၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးစိုးထွန်းက နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာ မောင်မောင်နိုင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်