
နေပြည်တော် နိုဝင်ဘာ ၁
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အရေးများ ဆုံးရှုံးနစ်နာခဲ့ရသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်း ၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အောက်တိုဘာ ၁၂ ရက်မှစတင်၍ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေ အတွင်းနှင့် နိုင်ငံတစ်ဝန်း ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာသည့်အတွက် ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များအလိုက် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက် ကြပြီဖြစ်သည်။
အသိပညာပေးချိတ်ဆွဲထား
ထိုသို့ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်းများနှင့် မျက်နှာကာများ စနစ်တကျ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျောင်းအတွင်း ထားရှိပေးထားသော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပနေရာများ၌လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ သိရှိရမည့် ပညာပေးဗီနိုင်း ဆိုင်းဘုတ်များကိုလည်း အသိပညာပေးချိတ်ဆွဲ ထားသည်ကို တွေ့ရသည်။
ယင်းသို့ ကျောင်းများပြန်လည်ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျောင်းတွေဖွင့်တော့မှာ ဖြစ်တဲ့အတွက် ကိုဗစ်- ၁၉ ကပ်ရောဂါ ညွှန်ကြားချက်တွေနဲ့အညီ ပြင်ဆင်ထားဖို့ ပညာရေးဝန်ကြီးဌာနက အကြောင်းကြားလာပါ တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာ ကျောင်းလာတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ကို ကျောင်းဂိတ်ဝမှာ အပူချိန်တိုင်းစေခြင်း၊ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခြားနေထိုင်စေခြင်း၊ လက်ဆေး ခြင်းနဲ့ နှာခေါင်းစည်းတပ်စေခြင်းတွေကို ဆောင်ရွက် ပေးပါတယ်။ စာသင်ခန်းထဲမှာဆိုရင်လည်း လူဦးရေ ၃၀ နဲ့ ၄၀ အကြားထားပြီး စာသင်ကြားပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသေး တဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း ဆရာ ဆရာမတွေက ရက်သတ္တ သုံးပတ်ကြာ ကျောင်းအပ် လက်ခံသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၉၇၁ ဦး တက်ရောက်ပါ တယ်။ အသက် ၁၂ နှစ်ပြည့်ပြီးသား ကျောင်းသား ကျောင်းသူ ၅၁၇ ဦး ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးပါပြီ။
စာသင်ခန်းလုံလောက်မှုရှိ
“ဒီနေ့ ကျောင်းစဖွင့်တဲ့ရက်မှာ ကျွန်တော်တို့ ကျောင်းအနေနဲ့ ၉၀ ရာခိုင်နှုန်း ကျောင်းတက်ရောက်မှု ရှိပါတယ်။ ကျောင်းမှာ သင်ကြားရေးဝန်ထမ်း ၄၆ ဦးနဲ့ ရုံးအဖွဲ့ ခုနစ်ဦးရှိပြီး စာသင်ခန်းလုံလောက်မှု ရှိပါတယ်။ ကျောင်းချိန်အနေနဲ့ မနက် ၉ နာရီ ကျောင်းစတက်ပြီး ညနေ ၃ နာရီခွဲ ကျောင်းဆင်း ပေးပါတယ်”ဟု ပြောသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံခဲ့ရ သည့် ကျောင်းသား ကျောင်းသူများအတွက်လည်း ဆရာ ဆရာမများက ကျောင်းအပ်နှံရေးလုပ်ငန်းစဉ် များကို ဆောင်ရွက်ပေး၍ ကျောင်းသား ကျောင်းသူ များ ပညာသင်ကြားခွင့် အခွင့်အရေးမဆုံးရှုံးစေရန် ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့မြင်ရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ် တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထား ခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ခြင်း တို့ကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာ ပညာသင်ကြား သင်ယူခွင့်ရရှိနိုင်စေရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်စေရန် နှင့် ကျောင်းသား ကျောင်းသူများမှတစ်ဆင့် မိသားစု နှင့် ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် နေပြည်တော် ကောင်စီနယ်မြေအတွင်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုင်ငံတော်အစိုးရ က စီမံချက်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးလျက် ရှိသည်။
ဝမ်းသာကြည်နူးမိ
ကျောင်းသားမိဘဖြစ်သူ ဒေါ်ထွေးထွေးက “ကျောင်းဖွင့်ဖို့ရက်ကို မျှော်လင့်နေခဲ့တာ ကြာပါပြီ။ အခုတော့ ဆန္ဒတွေပြည့်ဝခဲ့ပါပြီ။ ကျောင်းတွေ အဆင်ပြေပြေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ပေး တဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ကလေးတွေရဲ့ ပညာတတ်မြောက်မှုအပေါ်မှာ အများကြီးမူတည် နေပါတယ်။ ကျောင်းမတက်ရတဲ့ ကလေးရဲ့ အနာဂတ်ဟာ ဝေဝါးနေမှာ ဖြစ်ပါတယ်။ အခုဆို ကလေးတွေ ကျောင်းတွေမှာ ပညာသင်ကြားပြီး ပျော်ရွှင်နေတာတွေ့ရတော့ ဝမ်းသာကြည်နူးမိပါ တယ်။ ကလေးတွေ ကျန်းမာရေးလုံခြုံစိတ်ချမှုရှိပြီး ပညာသင်ကြားနိုင်အောင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိတယ်ဆိုတာ ကို ထပ်လောင်းပြောလိုပါတယ်။ ဒါကြောင့် မိမိကလေး အနာဂတ်အတွက် မိဘတွေအနေနဲ့ ကျောင်းကို ပို့ကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။
တွေ့မြင်ရ
ထို့ပြင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာ ပညာသင်ကြား၊ သင်ယူခွင့်ရရှိနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မီး သတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက ကျောင်းတွင်း၊ ကျောင်းပြင် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်ရ သည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသည့်အတွက် ဇူလိုင် ၉ ရက်တွင် ကျောင်းများပြန်လည်ပိတ်ခဲ့ရပြီး ယခု အခါ ရောဂါပိုးကူးစက်မှု လျော့နည်းကျဆင်းလာ သည့်အတွက် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ရခြင်းဖြစ်ကာ ကောင်စီနယ်မြေအတွင်း အခြေခံပညာကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၇၄ ကျောင်း စုစုပေါင်း ၈၅၉ ကျောင်းရှိကြောင်း သိရသည်။
သတင်း - အောင်သန့်
ဓာတ်ပုံ - ကိုကိုထိန်