
နေပြည်တော် မေ ၂၆
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်း များကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ ၂၆ ရက် မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ကိုဗစ် - ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက် ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ၊ ဆရာမ များက ကျောင်းအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးသန့်စင်စေခြင်း၊ ကျောင်းသားစာရင်းပေးသွင်းရာတွင်လည်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးအလိုက် တန်းစီစေ၍ ကျောင်းအပ်နှံနိုင်စေရေး ဆောင်ရွက်ပေးသည်။
ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှုအခြေအနေ များနှင့်စပ်လျဉ်း၍ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင် က “အခြေခံပညာကျောင်းအားလုံးကို ဇွန် ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ ကျောင်းအပ်နှံရေးရက်သတ္တပတ်အနေနဲ့ ကျောင်းအပ်လက်ခံနေခြင်း ဖြစ်ပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့လည်း လွတ်လွတ်လပ်လပ်နဲ့ ကလေးတွေကို ကျောင်းအပ်နှံနိုင်အောင် ကျွန်တော်တို့အနေနဲ့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ကျောင်းအပ်လက်ခံတဲ့အချိန်ကတော့ နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိဖြစ်ပါတယ်။ ရှေ့နှစ်တွေတုန်းက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့ရတဲ့ ကလေးတွေကိုလည်း သူတို့တက်ရမယ့်အတန်းအလိုက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့ကျောင်းအနေနဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၄၇ ဦး ရှိပါတယ်။ အခုနှစ်မှာတော့ ခန့်မှန်းခြေ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၁၀၀ ကျော်ရှိပါမယ်။ ကျောင်းသား၊ ကျောင်းသူအသစ်တွေကိုလည်း ကျောင်းရဲ့ဝင်ဆံ့အင်အားအရ လက်ခံ နိုင်သလောက် လက်ခံသွားဖို့ စီစဉ်ထားပါတယ်။ ဒီနေ့ ပထမဦးဆုံး နေ့အနေနဲ့ ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၄၈၀ လာရောက်အပ်နှံတာကို တွေ့ရပါတယ်။ ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူတွေ လုံခြုံရေးအတွက်ကိုလည်း ဌာနဆိုင်ရာ တွေ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ပညာသင်နှစ်တစ်နှစ်စတော့မယ်ဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လွတ်လပ်ပျော်ရွှင် စွာနဲ့ ကျောင်းကိုလာရောက်နေကြတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျောင်းသား၊ ကျောင်းသူ ၅၀ ရာခိုင်နှုန်းနီးပါး ကျောင်းအပ်နှံရေး ပထမဆုံးနေ့မှာပဲ လာရောက်အပ်နှံတာ တွေ့မြင်ရပါတယ်။ ကျောင်းဖွင့်တဲ့အချိန်မှာလည်း အဆင်ပြေချောမွေ့စွာ ပညာသင်ကြား နိုင်ဖို့အတွက်လည်း ကျွန်တော်တို့အားလုံး စီစဉ်ဆောင်ရွက်ထားပြီးပါပြီ။ ဆရာ၊ ဆရာမအင်အားလည်း ပြည့်စုံလုံလောက်မှုရှိပါတယ်။ ကိုဗစ်- ၁၉ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာသွားမှာပါ” ဟု ပြောသည်။
ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မည်သည့်ငွေကြေးမှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးနေပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် Mask များကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်ရီက “၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်တွေ အဆင်ပြေစေဖို့ ကြိုတင်ပြင်ဆင်မှု များစွာ လုပ်ဆောင်ရပါတယ်။ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ စာသင်ခန်းပြင်ဆင်ရေး၊ ကျောင်းအပ်လက်ခံဖို့ ဝင်ခွင့်ဖောင်၊ ကျောင်း အတွက် ပညာရေးဌာနကပေးမယ့် အခမဲ့ပညာရေးပစ္စည်းထုတ်ယူရေးတွေကို တာဝန်အသီးသီးခွဲဝေပေးပြီး အဆင့်ဆင့်ပြင်ဆင်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်အနေနဲ့လည်း ကျောင်းသား၊ ကျောင်းသူတွေအားလုံး ကိုဗစ် - ၁၉ ကာကွယ်ဆေး ပြီးစီးအောင်ထိုးနှံ နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အတွက်လည်း ကျွန်မတို့ကျောင်းမှာ ပြင်ဆင်မှုတွေအားလုံးဆောင်ရွက် ထားပါတယ်။ ကျောင်းလုံခြုံရေးအတွက်လည်း တာဝန်တွေခွဲဝေပြီး ဆောင်ရွက်ထားပါတယ်။ ကျောင်းဖွင့်ဖို့အတွက် ကျွန်မတို့ကျောင်းအနေ နဲ့ အဆင်သင့်ဖြစ်နေပါပြီ။
“ကျွန်မတို့ကျောင်းမှာ School Bus ခြောက်စီးရှိပါတယ်။ အဝေး ကနေ ကျောင်းလာတက်မယ့်ကလေးတွေကို ဒီ School Bus တွေနဲ့ အပို့၊ အကြို လုပ်ပေးပါတယ်။ ကလေးတွေအတွက် ကျောင်းဝတ်စုံတွေ ကိုလည်း စာသင်နှစ်အတွင်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း စာသင်ကြားရာမှာ ထိရောက်မှုရှိစေဖို့အတွက် စွမ်းရည်မြင့်သင်တန်းတွေလည်း တက်ခဲ့ပါတယ်။ ၂၀၂၂ - ၂၀၂၃ ပညာ သင်နှစ်အတွက် Grade – 5 သင်ရိုးသစ်စွမ်းရည်မြင့် သင်တန်းကို ကျွန်မတို့ကျောင်းက ဆရာ၊ ဆရာမတွေအားလုံး တက်ရောက်ပြီး ဖြစ်ပါ တယ်။ အလယ်တန်းအဆင့်မှာလည်း Grade – 8 သင်ရိုးသစ်အတွက်လည်း တက်ရောက်ပြီးပါပြီ။ Grade – 11 စွမ်းရည်မြင့် သင်တန်းမှာတော့ ဗဟိုအဆင့်မှာ သင်တန်းတက်ရောက်သူပါသလို တိုင်းအဆင့်မှာလည်း တက်ရောက်သူတွေပါဝင်ပါတယ်။ မြို့နယ်အဆင့်မှာလည်း အထက် တန်းပြတွေအားလုံး စွမ်းရည်မြင့်သင်တန်းတွေ အားလုံးတက်ရောက် ပြီးပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့ရတဲ့ ကလေး တွေအားလုံးကို အခုကျောင်းအပ်လက်ခံနေပါပြီ။ ရပ်ကွက်တွေ ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ကျောင်းလာတက်ဖို့ ကြေညာခိုင်းထားပါတယ်။ ဒီနေ့လည်း ကျောင်းနားထားတဲ့ကလေးတွေ အများကြီး ကျောင်းလာအပ်ကြပါတယ်။ ဒီနေ့ မနက်ခင်းပိုင်းတင် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၅၀ နီးပါး ကျောင်းအပ်ပြီးပါပြီ။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေအားလုံး ကျောင်းလာရောက် တက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ပြောသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင်လည်း ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် လည်း ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ဆောင်ရွက်ထားခြင်း၊ စာသင်ခန်းများတွင်လည်း ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အကွာအဝေးများအလိုက် စာသင်ခုံများနေရာချထားခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထား သည်ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ကျောင်း လာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်း များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်းသွားလာ နိုင်ရန် ကျောင်းကြို/ပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်၌ ၄၇၂၂၀၊ အလယ်တန်းအဆင့်၌ ၁၆၉၈၄ ဦးနှင့် အထက်တန်းအဆင့်၌ ၆၁၇၆ ဦး စုစုပေါင်း ၇၀၃၈၀ လာရောက်အပ်နှံ ကြကြောင်း သိရသည်။
အောင်သန့်၊ဓာတ်ပုံ - ကိုကိုအေး