
နေပြည်တော် ဩဂုတ် ၂၆
နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ စားသုံးသူပြည်သူများ အား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး ကျန်းမာ ရေးနှင့် ညီညွတ်သောစားသုံးဆီ များကို သက်သာသည့် ဈေးနှုန်း ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ် ၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၄၄၅၀ နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
“ကျွန်တော်တို့အနေနဲ့ စားသုံး ဆီတင်သွင်းတဲ့ FIRST TOP Company ကနေ ဝယ်ယူရရှိခဲ့တဲ့ စားသုံးဆီတွေကို နေပြည်တော် အတွင်းမှာရှိကြတဲ့ စားသုံးသူပြည်သူတွေအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ အခြေခံရည်ညွှန်းဈေးအပေါ် သတ်မှတ် ဈေးနှုန်း အတိုင်း ရောင်းချပေးနေတာဖြစ်ပါတယ်။ နေပြည်တော် မြို့မဈေးပွဲရုံတန်းမှာရှိတဲ့ အိမ်ရှင်မ ဆန်၊ ဆီ လက်လီ/လက်ကားဖြန့်ချိရေး ဆိုင်နဲ့ သုခတော်ဝင်အိမ်ရာမှာရှိတဲ့ ဆိုင်ခွဲမှာ လည်း စားသုံးဆီ တစ်ပိဿာ ငွေကျပ် ၄၄၅၀ နှုန်းနဲ့ စားသုံးဆီပိဿာချိန် ၃၃၀၀ ကို ရောင်းချ ပေးနေတာ ဖြစ်ပါတယ်။ စားသုံးဆီတွေကို ဒီနေ့မှာ ရောင်းချလို့မကုန်ရင် နောက်နေ့တွေ မှာ ဆက်ပြီးတော့ ရောင်းချပေးသွားမှာပါ။ ဒါ့အပြင် စားသုံးဆီတွေသာမကဘဲ ဆန်တွေကို လည်း ကုမ္ပဏီတွေကနေ သက်သာတဲ့ဈေးနှုန်း ရရှိခဲ့ရင် စားသုံးသူပြည်သူတွေကို သင့်တင့် တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်ဆိုတာ အသိပေးချင်ပါတယ် ” ဟု အိမ်ရှင်မ ဆန်၊ ဆီ လက်လီ/ လက်ကားဖြန့်ချိရေး ဆိုင်ရှင် ဦးအောင်ကိုထက်က ပြောသည်။
ထိုသို့ ရောင်းချနေမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စားသုံး သူပြည်သူများ စားသုံးဆီများကို အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်မှုရှိစေရေးနှင့် စားသုံးဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေးတို့ကို ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
“မြို့မဈေးကနေ ဈေးဝယ်ပြီး ပြန်လာတော့ လူတွေတန်းစီပြီး ဆီတစ်ပိဿာကို ၄၄၅၀ နှုန်းနဲ့ ရောင်းပေးနေတာတွေ့လို့ ဝင်ရောက် ဝယ်ယူတာပါ။ ဈေးထဲကကုန်စုံဆိုင်တွေမှာ စားသုံးဆီတစ်ပိဿာကို ၁၀၀၀၀ ကျော်နဲ့ ရောင်းနေတဲ့အချိန်မှာ အခုလိုသက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းပေးတဲ့အတွက် စားသုံးသူ ပြည်သူတစ်ယောက်အနေနဲ့ အလွန်ဝမ်းသာ တယ်။ အခုလိုစားသုံးဆီကို သက်သာတဲ့ ဈေးနှုန်းနဲ့ မကြာခဏရောင်းပေးမယ်ဆိုရင် စားသုံးသူပြည်သူတွေ ဆီအတွက်ကတော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ တစ်ဦးကို တစ်ပိဿာနှုန်းနဲ့ရောင်းချပေးတဲ့အခါ မိသားစု နည်းတဲ့သူတွေအတွက်သာမက မိသားစုများ တဲ့သူတွေအတွက်ပါ အဆင်ပြေပါတယ်။ စားသုံးဆီတွေအပြင် အဓိကစားသုံးကုန်ဖြစ်တဲ့ ဆန်နဲ့ အခြားအခြေခံစားသောက်ကုန်တွေကိုလည်း အခုလိုသက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချ ပေးစေချင်ပါတယ်” ဟု မြို့မဈေးပွဲရုံတန်း (ပ/၁၈၆) မှ စားသုံးဆီလာရောက် ဝယ်ယူသူ ဒေါ်ကြည်ပြာက ပြောသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စားသုံးသူပြည်သူများအတွက် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းအနေဖြင့်လည်း ဈေးများ၊ ဝန်ထမ်း အိမ်ရာများ၊ ရပ်ကွက်များနှင့် ကျေးရွာများသို့ ဈေးကားများဖြင့် လက်ဝယ်အရောက် စားသုံး ဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ နှုန်းဖြင့် အလှည့်ကျ လှည့်လည်ရောင်းချပေးလျက်ရှိ ကြောင်းနှင့် ကျန်ရှိသည့်ဈေးများ၊ ဝန်ထမ်း အိမ်ရာများ၊ ရပ်ကွက်များနှင့် ကျေးရွာများ ကိုလည်း သက်သာသောဈေးနှုန်းဖြင့် ထပ်မံ၍ လှည့်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းမင်းစိုး (သတင်းစဉ်)