
နေပြည်တော် အောက်တိုဘာ ၁၆
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ် ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် ပုဗ္ဗသီရိ မြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း ကျောင်း အုပ်ကြီး ဒေါ်ဝါဝါခိုင်က “ပုဗ္ဗသီရိ မြို့နယ်အတွင်း ကျောင်းပေါင်း ၃၉ ကျောင်းမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် အလယ်တန်း နဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူအားလုံးပေါင်း ၁၀၀၉၂ ဦးရှိပါတယ်။ အောက်တိုဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ပထမအကြိမ်အနေနဲ့ ကာကွယ် ဆေးထိုးနှံပြီးတဲ့ ကျောင်းသား ဦးရေကတော့ ၁၀၀၀ ရှိပါပြီ။ ဒီနေ့ ကျောင်းသား ကျောင်းသူ ဦးရေ ၅၀၀ ကျော်ကို ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းတွေက ဆေးအဖွဲ့ သုံးဖွဲ့ခွဲပြီး ဆက်လက် ထိုးနှံပေးနေပါတယ်။ အခုအချိန် က ကျောင်းတွေ ပိတ်ထားတော့ ကျောင်းသား ကျောင်းသူတွေ ကို ကာကွယ်ဆေးထိုးနှံပေးဖို့ အတွက် ဖုန်းနဲ့ဆက်သွယ်တဲ့အခါ ကျောင်းသားအချို့ ခရီးလွန်နေ တာကြောင့် ပြန်ရောက်မှ ထိုးနှံ မယ့်သူတွေ ရှိတယ်၊ အချို့အထက် တန်း ကျောင်းသား ကျောင်းသူ တွေက အသက် ၁၈ နှစ် ကျော်နေ တဲ့အတွက် သူတို့ရဲ့ ရပ်ကွက် အစီအစဉ်နဲ့ ဆေးထိုးပြီးတာတွေ လည်း ရှိပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေးထိုးမည့် စုရပ် နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များ ထားရှိ၍ လက်ဆေးစေခြင်း၊ Mask နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီ ဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်း စဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ် ဆေး ထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ်ကျန်းမာရေး စောင့် ရှောက်မှုများ လိုအပ်ပါက သမား တော်အဖွဲ့ဖြင့် ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“ဒီနေ့ဆက်လက် ထိုးပေးနေ တဲ့အချိန်ထိ ဘေးထွက်ဆိုးကျိုး မတွေ့ရဘူး။ နံနက်ပိုင်း ဆေး လာထိုးရတာဆိုတော့ နံနက်စာ မစားခဲ့လို့ သာမန်ခေါင်းမူးတဲ့ ကျောင်းသားအချို့ပဲ တွေ့တယ်။ သူတို့ကို အဆာပြေတစ်ခုခု စားခိုင်းပြီး ၁၀ မိနစ်လောက် ခဏနားခိုင်းတဲ့အခါ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာပါတယ်။ ကာကွယ်ဆေး လာရောက်ထိုးဖို့ မကြောက်ကြပါနဲ့။ လာရောက် ထိုးနှံကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးမှု အပြည့် အဝ လုပ်ဆောင်ပြီးမှ ဆေးထိုး ဖို့ ပုံမှန်အနေအထားရှိမှသာ ဆေးထိုးဖို့ မှတ်ချက်ပေးပြီး ဆေးထိုးပေးတာ ဖြစ်တဲ့အတွက် ကာကွယ်ဆေး မထိုးရသေးတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ မိဘနဲ့ အုပ်ထိန်းသူတွေကိုလည်း ဆေးလာရောက်ထိုးနှံဖို့ ပူးပေါင်း ပါဝင်ပေးကြပါလို့ တိုက်တွန်းလို ပါတယ်” ဟု ဒေါ်ဝါဝါခိုင်က ဆက်လက်ပြောသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးမီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ အား ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပတ်သက်၍ ကြိုတင်အသိပညာ ပေးခြင်းများ ဆောင်ရွက်ပြီး မိဘ အုပ်ထိန်းသူများ၏ သဘော တူညီချက် လက်မှတ်ရရှိမှသာ ကာကွယ်ဆေးကို ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက် ထိုးနှံပေးသည့် အလယ်တန်း ကျောင်းသူတစ်ဦး၏ မိဘဖြစ်သူ ဒေါ်မြမြဝင်းက “ကျွန်မသမီးက အလယ်တန်းကျောင်းသူပါ။ ကျွန်မ လည်း ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်လုံးထိုးပြီးပါပြီ။ ကာကွယ် ဆေးရဲ့ အားသာချက်တွေကို သိရှိထားတဲ့အတွက် ကိုယ့်ရဲ့ ကလေး ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးရတာနဲ့ ဒီနေ့ အမြန် ဆုံး လာရောက်ထိုးနှံပေးတာပါ။ ကျောင်းသားတွေကို ကာကွယ် ဆေး ထိုးနှံပေးပြီးရင်လည်း ကျောင်းကို မြန်မြန်ပြန်ဖွင့်ပေးစေ ချင်ပါတယ်။ ကလေးတွေ စာသင် ခန်းနဲ့ ဝေးကွာသွားရင် စိတ်လေ သွားမှာ စိုးရိမ်တယ်။ ကျွန်မတို့ မိဘတွေအနေနဲ့ သားသမီးတွေကို ပညာအမွေပေးတာက သူတို့လေး တွေအတွက် အကောင်းဆုံးလို့ မှတ်ယူထားပါတယ်။ ပညာအမွေ က ကလေးတွေအနာဂတ်အတွက် အာမခံချက်ပေးနိုင်ပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် ကျောင်းသား ကျောင်းသူများကို ကာကွယ် ဆေးထိုးနှံပြီး နောက်ဆက်တွဲ ပြဿနာ၊ အန္တရာယ်တစ်စုံတစ်ရာ ရှိ၊ မရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်းနှင့်ဆေးထိုး ပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်း သတင်းပေးပို့ အကြောင်းကြားနိုင် ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက် ထိုးနှံသည့် လယ်ဝေးမြို့နယ်မှ အလယ်တန်းကျောင်းသူ မသုဝေစံ က “ကာကွယ်ဆေးထိုးဖို့အတွက် ကျောင်းက အတန်းပိုင်ဆရာမ ဖုန်းဆက်ပါ တယ်။ ကာကွယ်ဆေး ထိုးပြီးပါပြီ။ ဆေးထိုးတဲ့အခါ နည်းနည်းနာတာလောက်ပဲ ခံစား ရတယ်။ ကျန်တာတော့ ဘာမှ မခံစားရဘူး။ အခုလို ဆေးထိုးပေး တဲ့အတွက် ဆရာ၊ ဆရာမ တွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါ တယ်။ ကျောင်းပြန် တက်ချင်နေ ပါပြီ။ အိမ်မှာ စာတွေလေ့လာနေ တယ် ဆိုပေမယ့် မသိနားမလည် တာရှိရင် အခက်တွေ့ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီး ကျောင်း ပြန်တက်ရတော့မယ် ဆိုတော့ ဆရာ၊ ဆရာမတွေနဲ့ ပညာ သင်ကြားခွင့်ရပြီး ကျောင်းက သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံ ရတော့မယ်ဆိုတော့ ဝမ်းသာပါ တယ်”ဟု ပြောသည်။
နေပြည်တော် ကောင်စီ နယ်မြေအတွင်း မြို့နယ်များ အလိုက် ဆေးထိုးနှံရန် သတ်မှတ် ထားသည့် စုရပ်နေရာများ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ ကို နေ့ရက်အလိုက် သတ်မှတ် ထားသည့် လူဦးရေစာရင်းအပြင် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ သည့် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယင်းတို့၏ မှီခို မိသားစုဝင်များကိုလည်း ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသည့်နေရာများတွင် ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် အသက်၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ ပညာပေးဗီနိုင်းဆိုင်းဘုတ်များကို ကာကွယ်ဆေး လာရောက်ထိုးနှံ ကြသူများ မြင်သာသည့်နေရာများ တွင် ချိတ်ဆွဲကြေညာထားသည် ကိုလည်း တွေ့ရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံကြမည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်စေ ရန် School Bus များ စီစဉ်ပေး ထားပြီး ဆေးထိုးစုရပ် ကျောင်း ပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ များက လုံခြုံရေးဆောင်ရွက်ပေး သည်ကိုလည်း တွေ့ရသည်။
ဟိန်းဂျိုင်း
ဓာတ်ပုံ-ကိုကိုထိန်