နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

နေပြည်တော်   အောက်တိုဘာ  ၁၇


“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့” ဟူသည့်   ဆောင်ပုဒ်နှင့်အညီ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

 


ကိုဗစ်-၁၉     ကာကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် ပျဉ်းမနား မြို့နယ်   မြို့နယ်ပညာရေမှူးရုံးမှ   ဦးစီးအရာရှိ ဒေါ်ခင်နန္ဒာအေးက   “ပျဉ်းမနားမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနဲ့     ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း အားလုံးပေါင်း ၈၁ ကျောင်းမှာ ရှိတဲ့   အသက်  ၁၂  နှစ်နဲ့အထက်   အလယ်တန်း နဲ့    အထက်တန်းကျောင်းသား၊   ကျောင်းသူအား လုံးပေါင်း  ၁၀၀၉၂ ဦးရှိပါတယ်။    အောက်တိုဘာ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ပထမအကြိမ်အနေ နဲ့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ကျောင်းသားဦးရေ ကတော့   ၁၃၀၀  ရှိပါပြီ။    ဒီနေ့  ကျောင်းသား၊ ကျောင်းသူဦးရေ ၆၀၀  ကို လူမှုဝန်ထမ်းဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းနဲ့ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဝန်ထမ်းတွေ ပူးပေါင်းပြီး ဆေးအဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆက်လက်ထိုးနှံပေးနေပါတယ်။ ပျဉ်းမနားမြို့နယ် အတွင်း ဆေးထိုးစုရပ်တစ်ခုမှာပဲ ထိုးဖို့ စီစဉ်ထား ပါတယ်။   အခြေခံပညာကျောင်းတွေကို   နေ့ရက် အလိုက်   ကျောင်းအလိုက်    ဦးစားပေးအစီအစဉ် အတိုင်း ဆက်လက်ထိုးနှံပေးနေပါတယ်။ အခြေခံ ပညာကျောင်းတွေ ကာကွယ်ဆေးထိုးပြီးသွားရင် တော့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို  ဆက်လက် ထိုးနှံပေးသွားမှာပါ။       ဒုတိယအကြိမ်ကိုတော့ လေးပတ်ခြားပြီး ဆက်လက်ထိုးနှံပေးသွားမှာပါ”ဟု ပြောသည်။ 

 


နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ် များအလိုက်  ဆေးထိုးနှံရန်  သတ်မှတ်ထားသည့် စုရပ်နေရာများ၌      အသက်   ၁၂  နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့်      လူဦးရေစာရင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့်  ယင်းတို့၏  မှီခိုမိသားစုဝင်များကိုလည်း ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ် - ၁၉  ကာကွယ် ရေး  နည်းလမ်းများနှင့်အညီ  ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။

 


ကာကွယ်ဆေး      လာရောက်ထိုးနှံကြသည့် ကျောင်းသား၊   ကျောင်းသူများကို    ကာကွယ်ဆေး ထိုးနှံပြီး  နောက်ဆက်တွဲပြဿနာ၊  အန္တရာယ်တစ်စုံ တစ်ရာ ရှိ၊ မရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှ သာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း   တစ်စုံတစ်ရာ  ထူးခြားမှုရှိပါက ချက်ချင်းသတင်းပေးပို့     အကြောင်းကြားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

 


ဆက်လက်၍    ဒေါ်ခင်နန္ဒာအေးက   “ကာကွယ် ဆေး    ဆေးထိုးနှံပေးတဲ့အခါမှာ    ကျောင်းသား၊ ကျောင်းသူတွေက   ငယ်သေးတော့  ဆေးထိုးရမှာ ကြောက်တဲ့စိတ်နဲ့  အစားမစားခဲ့တာတွေကြောင့် အချို့ကျောင်းသားတွေ   နည်းနည်း  ခေါင်းမူးတာ တွေ့ရတယ်။ အဲဒီလိုမူးလို့ သူ့တို့ကို စမ်းသပ်လိုက်တဲ့ အခါမှာ သွေးပေါင်ချိန်နဲ့ သွေးတွင်းအောက်ဆီဂျင်က ကောင်းတယ်။ ကြောက်တဲ့စိတ်ကြောင့် ဖြစ်တာပါ။ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကလည်း ရောဂါ ဖြစ်ပွားမှုအခြေအနေဆိုးခဲ့ပေမယ့်      အခုချိန်မှာ ကာကွယ်ဆေး ထိုးနှံပေးနေမှုကြောင့် ရောဂါဖြစ်ပွား မှုနဲ့ သေဆုံးမှုတွေ လျော့ကျသွားတာကို တွေ့ရတယ်။ ကာကွယ်ဆေး ထိုးနှံပြီးမှသာ ရောဂါကို ကာကွယ် ပြီးသားဖြစ်မှာပါ။ ကျန်းမာရေးကောင်းမှ ကျန်းမာ ပျော်ရွှင်စွာနဲ့ ပညာကိုဆက်လက်သင်ကြားနိုင်မှာ ဖြစ်တဲ့အတွက်  ဆေးထိုးနှံခွင့်ရရှိတဲ့  ကျောင်းသား ကျောင်းသူအားလုံးရဲ့   မိဘနဲ့  အုပ်ထိန်းသူတွေ ကိုလည်း  ယုံကြည်ချက်အပြည့်နဲ့  ကာကွယ်ဆေး လာရောက် ထိုးနှံပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။ 

 


ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေး ဘေစင်များထားရှိ၍ လက်ဆေးစေခြင်း၊ Mask၊ Face Shield နှင့် ကျန်းမာရေးအသိပေးလက်ကမ်းစာစောင် များ    ဝေငှခြင်း၊   ဆေးထိုးရန်   လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊   သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာ ခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ် ပါက  သမားတော်အဖွဲ့ဖြင့် ကုသပေးနိုင်ရန်  စီစဉ် ထားကြောင်း သိရသည်။

 


ကိုဗစ် - ၁၉   ကာကွယ်ဆေး မထိုးမီ   အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများအား ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ပတ်သက်၍ ကြိုတင်အသိပညာပေး ခြင်းများ ဆောင်ရွက်ပြီး   မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်   လက်မှတ်ရရှိမှသာ   ကာကွယ် ဆေးကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

 


ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ပျဉ်းမနား မြို့နယ်   အမှတ်(၄)   အခြေခံပညာအထက်တန်း ကျောင်းမှ    မောင်ညီညီလွင်က   “ကျွန်တော်က ၁၀ တန်း တက်နေတာပါ။ ကာကွယ်ဆေးထိုးဖို့အတွက် ကျောင်းက    အတန်းပိုင်ဆရာမက   ဖုန်းဆက်ပြီး ဆက်သွယ်ပါတယ်။    ကာကွယ်ဆေးထိုးပြီးပါပြီ။ ဆေးထိုးတဲ့အခါ နည်းနည်းနာတာလောက်ပဲ ခံစားရ တယ်။ ကျန်တာတော့ ဘာမှမခံစားရဘူး။ ကျောင်း မတက်ရတာ ၂ နှစ်ရှိပြီဆိုတော့ ကျောင်းစာနဲ့မဝေး သွားအောင်   အိမ်မှာ   စာတွေလေ့လာနေတယ် ဆိုပေမယ့် မသိနားမလည်တာရှိရင်  အိမ်က အစ်မ ကိုပဲ  မေးနေရတယ်။  ဒါကြောင့် ကျောင်းတွေကို အမြန်ဆုံးပြန်လည် ဖွင့်စေချင်ပါပြီ။ ကာကွယ်ဆေး ထိုးနှံပြီး    ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ ဆရာ   ဆရာမတွေနဲ့   ပညာသင်ကြားခွင့်ရပြီး  ကျောင်းကသူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံရတော့ မယ်ဆိုတော့ ဝမ်းသာပါတယ်”ဟု ပြောသည်။

 


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ သိရှိလိုက်နာ ရမည့်အချက်များ၊ ပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ မြင်သာ သည့် နေရာများတွင် ချိတ်ဆွဲကြေညာထားသည်ကို တွေ့ရသည်။

 


ကိုဗစ်-၁၉      ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊   ကျောင်းသူများ    ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့်   သွားလာနိုင်စေရန် School Bus များ စီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်း ကျင်    ဘေးအန္တရာယ်    ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက် ပေးသည်ကိုလည်း တွေ့ရသည်။

 


နိုင်ငံတော်အစိုးရက ကျောင်းသား၊ ကျောင်းသူ များကို  ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ  ရရှိစေရန်၊  ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိ လာစေရန်နှင့် မိသားစုနှင့်ပတ်ဝန်း ကျင်သို့   ရောဂါကူးစက်ပြန့်ပွားမှုကို  တားဆီးရန် အတွက်  ရည်ရွယ်၍   ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။     

ဟိန်းဂျိုင်း၊ ဓာတ်ပုံ-ကိုကြီးထိန်