နေပြည်တော်လမ်းလျှောက်သင်္ကြန် သင်္ကြန်အကျနေ့တွင် လာရောက်လည်ပတ်ကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား

 

နေပြည်တော်   ဧပြီ   ၁၄
နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို  ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ    နေပြည်တော်မြို့တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံဧရိယာအထိ သတ်မှတ်ပြီး  တိုင်းရင်းသားသင်္ကြန်ဇုန်၊ စတုဒိသာ သင်္ကြန်ဇုန်၊   ဝန်ကြီးဌာနသင်္ကြန်ဇုန်နှင့်   လူငယ် သင်္ကြန်ဇုန်ဟူ၍ စိတ်ဝင်စားပျော်ရွှင်ဖွယ် ကျင်းပ လျက်ရှိရာ ယနေ့ကျရောက်သည့် သင်္ကြန်အကျနေ့ တွင် သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် ပြည်တွင်းမှ ပြည်သူများနှင့်အတူ ကလေးငယ်များသာမက ပြည်ပ မှ သင်္ကြန်ချစ်သူများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ သဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
နေပြည်တော်      လမ်းလျှောက်သင်္ကြန်တွင် တိုင်းရင်းသားသင်္ကြန်ဇုန်ကို   သင်္ကြန်ကိုအခြေခံပြီး တိုင်းရင်းသား       သွေးချင်းညီအစ်ကိုများအားလုံး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးဖြစ်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများ   အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုရရှိစေရန်အတွက် ထည့်သွင်းကျင်းပလျက်ရှိရာ တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ၊     ပြည်သူများ   ပါဝင်ဆင်နွှဲကြပြီး တိုင်းရင်းသားကိုယ်စားပြု Photo Booth များနှင့် အတူ အမှတ်တရဓာတ်ပုံရိုက်ကြသူများဖြင့် စည်ကား လျက်ရှိသည်။
အလားတူ နေပြည်တော်လမ်းလျှောက်သင်္ကြန် သို့ လာရောက်လည်ပတ်ကြသည့် သင်္ကြန်ချစ်သူများ ကို   စတုဒိသာသင်္ကြန်ဇုန်တွင်   ကျွေးမွေးကြသည့် ဝန်ကြီးဌာနများအလိုက်  မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်များတွင် စုံလင်လှသော မြန်မာ့ရိုးရာ အစားအစာများနှင့် မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေးနှင့်    စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အသင်းရေကစားမဏ္ဍပ်မှ လူဦးရေ ၂၅၀၀ အတွက် ခေါက်ဆွဲကြော်များကို   အားပါးတရ  နှစ်ခြိုက်စွာ သုံးဆောင်နေကြသည့်မြင်ကွင်းက     မြန်မာတို့၏ ချစ်စရာဓလေ့ကို စိတ်ကြည်နူးစွာ မြင်တွေ့ရသည်။ ထို့ပြင် အစားအသောက်များ အခက်အခဲမရှိစေရန် သက်သာသောဈေးနှုန်းဖြင့်    ရောင်းချပေးလျက်ရှိ သည့် ဆိုင်ခန်းများတွင် စားသောက်ကုန်များ ပြတ်လပ် သည်အထိ  ကြိတ်ကြိတ်တိုး  ဝယ်ယူစားသောက်နေ ကြသည်ကိုလည်း တွေ့ရသည်။
ထို့အတူ   နေပြည်တော်လမ်းလျှောက်သင်္ကြန် အတွင်းရှိ  ဝန်ကြီးဌာနသင်္ကြန်ဇုန်တွင်  ဝန်ကြီးဌာန များအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစား မဏ္ဍပ်များ၊   ရုရှား - မြန်မာ    ချစ်ကြည်ရေးအသင်း ရေကစားမဏ္ဍပ်များ၌ နိုင်ငံကျော်အနုပညာရှင်များ နှင့်  တေးသံရှင်များက  တေးသီချင်းများဖြင့် မြိုင်ဆိုင် စွာ သီဆိုဖျော်ဖြေကြသည့်အပြင် ဝန်ကြီးဌာနများမှ သင်္ကြန်ယိမ်းအဖွဲ့များကလည်း သင်္ကြန်တေးသီချင်း များဖြင့် ညီညီညာညာ  ယိမ်းနွဲ့ကပြဖျော်ဖြေပေးကြပြီး မဏ္ဍပ်များက ပက်ဖျန်းလိုက်သည့် အတာရေအကြား တွင် ပြည်သူများက သီချင်းသံစဉ် စည်းချက်များနှင့် အညီလိုက်ပါယိမ်းနွဲ့၍ ကခုန်ပျော်ရွှင်စွာ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသူများဖြင့်   အထူးစည်ကားလျက် ရှိသည်။
ထို့ပြင်   လူငယ်များနှင့်   ကလေးများအတွက် အဓိကထားသည့် လူငယ်သင်္ကြန်ဇုန်တွင် Colour Party, Foam Party , Inflatable ကစားစရာရေကန် များ၊ လူကြီးများ၊ ကလေးများ ပါဝင်ဆော့ကစားနိုင် သည့် ရေလွှာလျှောစီးနှင့် ကလေးငယ်များအတွက် ပျော့အိကစားကွင်းများတွင်လည်း     ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ    ပါဝင်ဆင်နွှဲကြသည့်အပြင် လူငယ်များ   နှစ်သက်သဘောကျသည့်   အစီအစဉ် တစ်ခုမှာ DJ Performance များဖြင့် ကပြဖျော်ဖြေ သည့်   အစီအစဉ်တစ်ခုဖြစ်သည်ကိုလည်း   တွေ့ရ သည်။
နေပြည်တော်   လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ ရေကစားနေစဉ် ကျန်းမာရေးကိစ္စတစ်စုံ တစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကုသစောင့်ရှောက် ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီး ဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများကို ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။
ယခုနှစ်    လမ်းလျှောက်သင်္ကြန်တွင်   ထူးခြား ဆန်းသစ်သည့် အစီအစဉ်တစ်ခုအဖြစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌     နိုင်ငံကျော် အနုပညာရှင်များအပြင် ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊  K-Pop အဆိုတော်များက DJ,  Music Band တို့နှင့် တွဲဖက်၍   ပရိသတ်အကြိုက်   တေးသီချင်းများကို  သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ လမ်းလျှောက် သင်္ကြန်သို့   လာရောက်လည်ပတ်ဆင်နွှဲကြသူများ အတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် မြင်တွေ့ ရပြီး   ပါဝင်ဆင်နွှဲကြသူများဖြင့်   ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
နေပြည်တော်   လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများ    အေးချမ်းပျော်ရွှင်   ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန် တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံ ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့ မှု   မရှိစေရေးအတွက်   ယာဉ်ကြောရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း မြင်တွေ့ရသည်။
နေပြည်တော်    လမ်းလျှောက်သင်္ကြန်အတွင်း ဖျော်ဖြေမှုအစီအစဉ်များနှင့် ရေပက်ကစားခြင်းတို့ ခေတ္တရပ်နားထားစဉ် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ      ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ  ဝန်ထမ်းများက  အမှိုက်များကို စနစ်တကျ    လိုက်လံသိမ်းဆည်းနေသည်ကိုလည်း တွေ့ရသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် နိုင်ငံ ကျော်အနုပညာရှင်များ၊  တေးသံရှင်များ၊ ကိုရီးယား နိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော်များနှင့် ဝန်ကြီးဌာနများမှ  သင်္ကြန်ယိမ်းအဖွဲ့များ၏  သီဆို ကပြ ဖျော်ဖြေမှုအစီအစဉ်များနှင့် ရေပက်ကစားခြင်း တို့ကို    မြန်မာ့ရိုးရာ  အတာသင်္ကြန်ပွဲတော်ကာလ အတွင်း နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ လည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီ အထိ  လည်းကောင်း    ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။


သတင်း-ဟိန်းမင်းစိုး၊ သန်းမင်းအောင် 
ဓာတ်ပုံ-ကိုကျော်ကြီးနှင့်အဖွဲ့