နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၆


နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန   ကျောက်စိမ်းခန်းမ၌   ကျင်းပ သည်။  


အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်သက်ခိုင်၊    ဒုတိယဝန်ကြီး   ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နေပြည်တော်   စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌ များ၊ Pioneer Airodrome Services Co., Ltd နှင့် လေကြောင်းလိုင်းများ၊  ဟိုတယ်များ၊   ခရီးသွား ကုမ္ပဏီများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး   မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က   ပြည်ထောင်စုနယ်မြေ နေပြည်တော်သည်   မြန်မာနိုင်ငံ၏   အုပ်ချုပ်ရေး မြို့တော်ဖြစ်ပြီး  ပြည်တွင်းပြည်ပ   ခရီးသွားများ အတွက် ကားလမ်းခရီး၊ ရထားလမ်းခရီးသာမက လေကြောင်းခရီးဖြင့်ပါ   လွယ်ကူစွာ    သွားလာ လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများ၊ ညီလာခံများနှင့် ကုန်စည်ပြပွဲများ  ကျင်းပရန်   မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာများ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများနှင့်     တည်းခိုရိပ်သာများရှိသော နေပြည်တော်ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဉ် ဒေသတစ်ခု အဖြစ်    ဆောင်ရွက်လျက်ရှိကြောင်း၊   ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး  အပါအဝင်   ဘုရားပုထိုးစေတီများ၊ သဘာဝရှုမျှော်ခင်းများ၊   အပန်းဖြေဥယျာဉ်များနှင့် ပြတိုက်များ  စသည်ဖြင့်ခရီးသွားဆွဲဆောင်ရာ  နေရာ ၃၈ ခုရှိပါကြောင်း။

 

ထိုကဲ့သို့    အခြေခံကောင်း   များစွာရှိသည့် နေပြည်တော်ကို ပြည်တွင်း၊  ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန်   ဈေးကွက်ရှာဖွေ မြှင့်တင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆွဲဆောင်မှုပိုမိုကောင်းမွန်သော ဦးစားပေးနေရာများရွေးချယ်၍ ခရီးစဉ်လမ်းကြောင်း များရေးဆွဲခြင်း၊ Promotion Campaign  အစီအစဉ် များ ရေးဆွဲခြင်းတို့ကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ စနစ်တကျ   အကောင်အထည်ဖော်နိုင်ရန်   ယနေ့ အစည်းအဝေးတွင်       ဆွေးနွေးမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် နေပြည်တော် ၏ ခရီးသွားမြှင့်တင်ရေး အစီအစဉ်နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု      ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်   ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှု ဦးစီးဌာန     ဒုတိယ    ညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင် ဆောင်ရွက်မည့်အစီအစဉ်များ၊ ခရီးသွား ဆွဲဆောင်ရာ နေရာများ၊ Promotion Campaign အစီအစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက်    တက်ရောက်လာသူများက နေပြည်တော်၏ ခရီးသွားမြှင့်တင်ရေး အစီအစဉ်နှင့် ပတ်သက်၍       အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်