နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် လှူဒါန်းခြင်းအခမ်းအနား တက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ     ၂ဝ


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှ လှူဒါန်းသည့်   ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၃၂၂၂)ဆူတို့အား  ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခြင်း အခမ်းအနားကို  ယနေ့နံနက် ၆ နာရီခွဲ တွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးရှိ ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပသည်။

 


အခမ်းအနားသို့  ပျဉ်းမနားမြို့  မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါ စရိယဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်    အမှူးပြုသော     ဆရာတော်ကြီး (၉)ပါး    ကြွရောက်တော်မူကြပြီး   နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့် မောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဇနီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်  ကျော်စိုးဦး၊   နေပြည်တော်ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ နေပြည်တော် ကောင်စီရုံးမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်  တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ     ဆရာတော်ကြီး  (၉)  ပါးတို့က ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်(၃၂၂၂)ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ကြပြီး  နေပြည်တော် ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင်က   ပန်းပေါင်းစုံ    ဗုဒ္ဓ ရုပ်ပွားတော်မြတ်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ လျှောက်ထားသည်။ 

 


ထို့နောက်      နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် အောင်စည်သာကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ် ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်  သံဃာတော်များ  ရွတ်ဖတ်ပူဇော်သော ပရိတ်တရားတော်မြတ်များကို နာယူကြသည်။

 


ယင်းနောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော် သံဃာတော် များအား    လှူဖွယ်ဝတ္ထုပစ္စည်းများ   ဆက်ကပ် လှူဒါန်းကြပြီး        တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ   ဘဒ္ဒန္တဝိမလဗုဒ္ဓိ    မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 


ဆက်လက်၍     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ အလှူရှင်များက နေပြည်တော် ကောင်စီရုံးရှိ ဝန်ထမ်းများ၊ နေပြည်တော် စည်ပင် သာယာရေး ကော်မတီရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊      နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော်စည်ပင်သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများအတွက်     ပန်းပေါင်းစုံ    ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူကြသည်။


သတင်းစဉ်