နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေးမဟာမိတ်အဖွဲ့ စတင်တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်  စက်တင်ဘာ   ၂


နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် ယမန် နေ့က  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းသကျန်းမြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေး မဟာမိတ် အဖွဲ့ (International Tourism  Alliance of Silk Road Cities)   စတင် တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

အခမ်းအနားတွင်   နေပြည် တော်ကောင်စီဥက္ကဋ္ဌ  မြို့တော်ဝန် က ယခုဖွဲ့စည်းသည့်   မဟာမိတ် အဖွဲ့သည်   ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ်စေရန် အလား အလာကောင်းများ ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊   အတူ တကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုကိုမောင်းနှင်ရန်၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ရန်နှင့်   မိမိတို့နိုင်ငံသားများ၏ လူမှုစီးပွား    အခြေအနေများကို မြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏ စွမ်းအားကို  အသုံးချနိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံနှင့်  တရုတ် နိုင်ငံအကြား   ခရီးသွားလုပ်ငန်း ကဏ္ဍအပြင် အခြားသောပူးပေါင်း ဆောင်ရွက်မှုများအနေဖြင့် များစွာ ရှိနေပြီးဖြစ်ကြောင်း၊ ယခု မဟာ မိတ်အဖွဲ့၏  အဖွဲ့ဝင်နိုင်ငံများနှင့် မြို့တော်များ   အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအပြင်   အခြားသော  ဖွံ့ဖြိုး တိုးတက်ရေး   လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန်      ဖိတ်ခေါ်လို ကြောင်း၊ မြန်မာနိုင်ငံတွင်ခရီးသွား များအတွက် ထင်ရှားကျော်ကြား သော  ခရီးစဉ်လမ်းကြောင်းများ ဖြစ်သည့် ပုဂံယူနက်စကို  ကမ္ဘာ့ အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ နေပြည်တော်ကျောက်မျက်ခန်းမ နှင့် ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယစကျင်ဗုဒ္ဓရုပ်ပွားတော် စသည့်ခရီးစဉ်များကို လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုကြောင်း၊ အဖွဲ့ဝင်မြို့တော်များ   အနေဖြင့် ခရီးသွားလုပ်ငန်း  ဆောင်ရွက်ရာ တွင်   သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ မိမိတို့၏   ရိုးရာ ယဉ်ကျေးမှု   အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် နောင် လာမည့်    မျိုးဆက်သစ်များ၏ ကောင်းကျိုးချမ်းသာကို ဖန်တီး ပေးနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲ သော  ခရီးသွားလာရေးလုပ်ငန်း ဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။


အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမ မြို့တော်များ    ခရီးသွားလာရေး မဟာမိတ်အဖွဲ့ (International Tourism Alliance of Silk Road Cities)  စတင်တည်ထောင်ခြင်း အခမ်းအနားသို့   တရုတ်နိုင်ငံမှ မြို့တော် ၂၂ မြို့နှင့် နေပြည်တော် မြို့တော်အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိက ဒေသများရှိ နိုင်ငံ ၂၅ နိုင်ငံမှ မြို့တော် ၃၆ မြို့ စုစုပေါင်းအဖွဲ့ဝင်မြို့တော် ၅၈ မြို့ ဖြင့်     စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ 


 သတင်းစဉ်