
နေပြည်တော် ဇွန် ၆
အခြေခံအိမ်တွင်း လျှပ်စစ် သွယ်တန်းမှုပညာဖြင့် လုပ်ငန်း ခွင် ဝင်ရောက်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ပြီး “အခြေခံအိမ်တွင်း လျှပ်စစ် သွယ်တန်းမှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့နယ် ကျွန်းဦး စံပြကျေးရွာခန်းမ၌ ကျင်းပသည်။
အကောင်အထည်ဖော်
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်နေသည်နှင့် အညီ နေပြည်တော်အတွင်း ခေတ်မီစံပြ ကျေးရွာများအဖြစ် ပျဉ်းမနား မြို့နယ် ကျွန်းဦးကျေးရွာ အပါအဝင် လယ်ဝေးမြို့နယ် သော်မှော်ကုန်း ကျေးရွာနှင့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယခု ကဲ့သို့ နည်းပညာပေးသင်တန်း များ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများအနေဖြင့် ကိုယ်ပိုင် လုပ်ငန်းငယ်များ ထူထောင်လာနိုင်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိလာ ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည့်အပြင် လူမှုစီးပွားဘဝ မြင့်တက်လာပြီး ခေတ်မီစံပြကျေးရွာကြီး ဖြစ်လာ မည်ဟု မျှော်မှန်းပါကြောင်း၊ သင်တန်း တက်ရောက်လာကြ သည့် ကျေးရွာသားများအနေဖြင့် ယခုသင်တန်းက ပို့ချပေးသည့် နည်းပညာများကို အလေးထား သင်ယူကြရန် အလေးအနက်ထား တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ကျေးရွာလိုအပ်ချက်များကို ဌာန များမှ ပူးပေါင်းကူညီဆောင်ရွက် ပေးမည်ဖြစ်သည့်အတွက် ကျေးရွာ သူ ကျေးရွာသားများ၊ ရပ်မိ ရပ်ဖများ အနေဖြင့်လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး စေလိုပါကြောင်း ပြောကြား သည်။
ရှင်းလင်းပြောကြား
ထို့နောက် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်း အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က သင်တန်းသား များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ကာ သင်ထောက်ကူပစ္စည်းများ၊ ဒေသထွက် စားသောက်ကုန် ပစ္စည်းများအား ကြည့်ရှုပြီး ကျေးရွာအတွင်း ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းသို့ သင်တန်းသား ၂၀ တက်ရောက်ကြပြီး သင်တန်း ကာလကို ဇွန် ၆ ရက်မှ ၁၉ ရက် အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဆက်လက်၍နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရေပြာကျေးရွာ တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ် ချေးပေးနေမှုကို သွားရောက် ကြည့်ရှုကာ ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။
၃၇၁ သိန်းကိုထုတ်ချေး
ပုဗ္ဗသီရိမြို့နယ် ရေပြာ ကျေးရွာတွင် စတုတ္ထအကြိမ် မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကို စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၂၄ ဦး အတွက် ငွေကျပ် ၅၈ သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၈၃ ဦးအတွက် ငွေကျပ် ၁၄၃ သိန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၈၄ ဦးအတွက် ငွေကျပ် ၁၅၇ သိန်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ခြောက်ဦးအတွက် ငွေကျပ် ၁၃ သိန်း စုစုပေါင်းလုပ်ငန်း လုပ်ကိုင် သူ ၁၉၇ ဦးအတွက် ငွေကျပ် ၃၇၁ သိန်းကို ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)