
နေပြည်တော် ဩဂုတ် ၃
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ဩဂုတ် ၁ ရက်မှစတင် ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် စုရပ်နေရာများခွဲ၍ ဦးတည် အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် ဆက်လက်ထိုးနှံပေးကြသည်။
ထိုးနှံပေး
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသည့် မြို့နယ်များအလိုက် စုရပ်နေရာ များဖြစ်သော အခြေခံပညာအထက်တန်းကျောင်း များ၌ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသော ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေ သော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ ဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကက်များ/ ဈေးများမှ ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ဆေးထိုးနှံပေးသည်။
ယင်းသို့ ဆေးထိုးနှံပေးရာတွင် ဇေယျာသီရိ မြို့နယ် ပြည်စံအောင် အခြေခံပညာအထက်တန်း ကျောင်း၌ လူဦးရေ ၃၁၈ ဦးခန့်ကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် မင်းကုန်း အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၃၀၈ ဦးကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၈၀၀ ခန့် ကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၅၀၀ ခန့်ကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၁၉၀ ကိုလည်း ကောင်း၊ တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၁၁၃၄ ဦးကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူဦးရေ ၅၆၀ ခန့်ကိုလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးကြ သည်။
ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာမှ ဆေး လာရောက်ထိုးနှံသူ ဦးလှမြင့်က “ ကျွန်တော့အသက် ၆၇ နှစ်ရှိပါပြီ။ ပထမအသုတ်ဆေးထိုးဖို့လာတုန်း က သွေးတိုးနေတဲ့အတွက် မထိုးလိုက်ရဘူး။ အခု တစ်ခေါက်ဆေးထိုးဖို့အတွက် ဆေးစစ်ပေးတဲ့ အခါမှာ အကုန်လုံးအဆင်ပြေတာကြောင့် ဆေးထိုးနှံ ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒုတိယအကြိမ် အနေနဲ့ ဩဂုတ် ၃၁ ရက်မှာ နောက်တစ်ကြိမ်လာရောက်ဆေးထိုးနှံရမှာပါ။ ကျွန်တော့်လိုပဲ ဆေးမထိုး ရသေးတဲ့သူတွေ ဆေးထိုးနှံခွင့်ရတဲ့အခါ မပျက်မကွက်ဆေးလာရောက်ထိုးနှံကြဖို့ တိုက်တွန်း လိုပါတယ်။ ပြည်ပက မှာယူထားတဲ့ဆေးတွေလည်း အမြန်ဆုံးရောက်ရှိပြီး ပြည်သူတွေအားလုံး ထိုးနှံ နိုင်မယ်လို့ ယုံကြည်မိပါတယ်” ဟု ပြောသည်။
ဆောင်ရွက်ပေး
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြည်စံအောင် အထက်တန်း ကျောင်းသို့ ဆေးလာရောက်ထိုးနှံသူ ဌာနဆိုင်ရာ ဝန်ထမ်း ဦးကျော်စွာစိုးကလည်း “ ဆေးထိုးခွင့်ရမယ့် အချိန်ကို မျှော်လင့်နေတာကြာပါပြီ။ အခုလို ဆေးထိုးနှံခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပါ
တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းတွေနဲ့အညီ ဆေးထိုးနှံ နိုင်ဖို့ ဆောင်ရွက်ထားတာကိုလည်း တွေ့မြင်ရပါ တယ်။ ဒီကပ်ရောဂါကြီး ပြီးဆုံးပြီး ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအဝဝ အဆင်ပြေချောမွေ့စွာ အမြန်ဆုံး ပြန်လည်ရောက် ရှိဖို့ မျှော်လင့်နေမိပါတယ်။ ပြည်သူတွေလည်း ကပ်ရောဂါကြီးကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်”ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကာကွယ်ဆေးထိုးနှံမည့် ပြည်သူလူထု သိရှိထားရမည့် အချက်အလက်များကို ကာကွယ် ဆေးလာရောက်ထိုးနှံသူများ မြင်သာသည့်နေရာများ တွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရ သည်။
ဆောင်ရွက်ပေးထား
ထို့ပြင် ကာကွယ်ဆေးထိုးနှံပြီးသူများ နာရီဝက် နားနေနိုင်စေရန် နားနေခန်းများ စီစဉ်ဆောင်ရွက် ထားပေးခြင်း၊ အနားယူနေစဉ်အချိန်အတွင်း ရုတ်တရက် ကျန်းမာရေးချို့ယွင်းလာပါကလည်း လိုအပ်သည်များကုသပေးနိုင်ရန် အဆင်သင့် ဆောင်ရွက်ပေးခြင်း၊ အနားယူပြီးချိန်တွင်လည်း စနစ်တကျပြန်နိုင်စေရန် အထွက်လမ်းများကို ဆောင်ရွက်ပေးထားခြင်းနှင့် ဆေးလာရောက်ထိုးနှံ သူများ ကျန်းမာရေးအတွက်သာမက လုံခြုံရေး အတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ထားကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံမည့်ကာလကို ဩဂုတ် ၁ ရက်မှ ၄ ရက်အထိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်း သီတင်းပတ်အဖြစ် လျာထားသတ်မှတ် ထားပြီး ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ် များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း - အောင်ဟိန်း
ဓာတ်ပုံ - ကိုကိုကျော်