
နေပြည်တော် စက်တင်ဘာ ၈
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကို သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ် ၍ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀ ဖြင့် နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဖြန့်ဖြူးရောင်းချပေး လျက်ရှိသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် နေပြည်တော် ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်ထောင်စု နယ်မြေအတွင်းရှိ အမှန်တကယ်စားသုံးမည့် ကျေးရွာ၊ ရပ်ကွက်များရှိ ပြည်သူများထံ ဈေးကားများဖြင့် လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်က ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို ရည်ညွှန်းဈေးနှုန်းနဲ့ စားသုံးဆီတွေကို ခွဲဝေပေးတဲ့အခါ နေပြည်တော်အတွက် ရရှိတဲ့စားသုံးဆီတွေကို နေပြည်တော်မှာရှိတဲ့ နယ်မြေခံရာသက်ပန်အသင်းဝင် လက်လီ လက်ကား ကုန်သည်တွေကနေတစ်ဆင့် စားသုံးသူပြည်သူတွေထံ သက်သာတဲ့ ဈေးနှုန်းနဲ့ရောင်းချပေးနေတာ ဖြစ်ပါတယ်၊ ဒီနေ့မှာ ရွှေကြာပင်ရပ်ကွက်မှာရှိတဲ့ စားသုံးသူပြည်သူတွေအတွက် ပိဿာချိန် ၁၃၂၀ ကို ၅၅၀၀ ကျပ်နှုန်းနဲ့ လက်ဝယ်အရောက်ရောင်းချပေးတာ ဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုထက်က ပြောသည်။
ထိုသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အရောက် ရောင်းချနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ရဲမှူးကြီးကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အနေဖြင့် ယခင်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဈေးများ တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို အလှည့်ကျ ရောင်းချ ပေးခဲ့သော်လည်း အမှန်တကယ်စားသုံးသည့် ပြည်သူများထံ တိုက်ရိုက် မရောက်ရှိသည့်အတွက် ယခုကဲ့သို့ ရပ်ကွက်၊ ကျေးရွာများသို့ ဈေးကား များဖြင့် လက်ဝယ်အရောက် တိုက်ရိုက်လာရောက် ရောင်းချပေးခြင်းဖြစ် သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျန်ရှိသည့် ဝန်ထမ်း အိမ်ရာများ၊ ရပ်ကွက်များ၊ ကျေးရွာများကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ထပ်မံလှည့်လည် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်