နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍမှတာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာညှိနှိုင်းစည်းဝေး

 

နေပြည်တော်   မေ    ၂၅ 


နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသာယာ တင့်တယ်သောဒေသ  Green City၊ Clean City၊ Smart City  အဖြစ်    ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  အပါ အဝင် လယ်ယာကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက် စေပြီး ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၄ ရက်က   နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌     ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊   အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခ ချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသ ကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


ဦးစွာ    ဒုတိယဝန်ကြီးက    အဖွင့်အမှာစကား  ပြောကြားရာတွင် အသားတင် စိုက်ပျိုးမြေဧရိယာ ဧက ၃၂၀၀၀၀ ကျော်၊   ဆည်ကန်ရေလှောင်တမံ ပေါင်း ၃၀  ကျော်ရှိသည့်   နေပြည်တော်ကောင်စီ နယ်မြေသည် လမ်းပန်းဆက်သွယ်ရေး    လွယ်ကူ ချောမွေ့မှုရှိပြီး စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေး သုတေသနနှင့်   ပညာပေးရေးဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက်ပေးနိုင်သော နယ်မြေလည်း ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက်    အဓိက အရေးပါသည့်   ပြည်သူများအလုပ်ကိုင်ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေးကို         ဦးစားပေးထည့်သွင်း ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ သွင်းအားစုနှင့်အရင်းအနှီး စရိတ်ချေးငွေရရှိရေး   စီမံဆောင်ရွက်မှုနှင့်အတူ  မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီ များကို အားပေး၍ မျိုးစေ့ထုတ်ဇုန်များ တည်ထောင် ခြင်း၊ မွေးမြူရေးလုပ်ငန်းများတွင်       စနစ်တကျ လှောင်မွေးစနစ်ဖြင့်       မွေးမြူလုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်၍  နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားနှင့်ဥများ တိုးတက်ထုတ်လုပ်ရေး အားပေး ကူညီခြင်း၊ ရေရရှိရေးအတွက် ဆည်တမံရေသောက် စနစ်များ၊ မြစ်ရေတင်စီမံကိန်းများကို အဆင့်မြှင့်၍ သီးထပ်သီးညှပ်သီးနှံများ စိုက်ပျိုးနိုင်ရေး စနစ်တကျ ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ များအလိုက် စနစ်တကျ စီမံဆောင်ရွက်ကြစေလို ကြောင်း ဆွေးနွေးပြောကြားသည်။

 


ယင်းနောက်    အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေသည် အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင်ရှိနေပြီး ပေါင်းလောင်း၊ ငလိုက်၊ ဆင်သေ စသည့်   သဘာဝချောင်းမြောင်းများနှင့် ကောင်းမွန်သော မြေဆီဩဇာကြွယ်ဝမှု  အခြေခံ ကောင်းများကို အသုံးချပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရေး မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ    တိုးတက် လုပ်ကိုင်နိုင်ရေး၊ တောင်သူနှင့်   လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော   အကျိုးတူကန်ထရိုက် လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ရေး၊ ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာ သဖြင့် အားကောင်းသည့်    လယ်ယာစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးလာရေး၊   တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်ငန်းများနှင့်အတူ    စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေခံသည့် စက်မှုလုပ်ငန်းများ   စနစ် တကျ ပေါ်ထွက်လာရေးတို့ကို စီမံဆောင်ရွက်ကာ အခြားသော တိုင်း​ဒေသကြီး၊ ပြည်နယ်များ၏  စံပြ နယ်မြေတစ်ခုအဖြစ် စိမ်းလန်းသာယာတင့်တယ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း     သိရ သည်။  


သတင်းစဉ်