
နေပြည်တော် အောက်တိုဘာ ၁၁
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် ပျဉ်းမနားမြို့နယ် အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးကြသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်သည် ဖလောင်းကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများ စားရေရိက္ခာဖူလုံ ပြည့်ဝစေရေးအတွက် နေပြည်တော်ကောင်စီမှ ကြီးကြပ်၍ ဆန်နှင့်စားအုန်း ဆီများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့ သည် ဖလောင်းကျေးရွာမှတစ်ဆင့် ထိန်ပြောင် ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျေးရွာသန့်ရှင်း သာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီး ရရှိရေးနှင့် အခြားလိုအပ်သည်များကို ခရီးစဉ်တွင် လိုက်ပါလာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် အသစ်ဆောက်လုပ်ထားရှိသည့် ထိန်ပြောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျောင်းအဆောက်အဦများ ရေရှည်တည်တံ့စေရေးနှင့် ကြံ့ခိုင်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားကာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် ထိန်ပြောင်ကျေးရွာရှိ အောင်သုခကျောင်း တိုက်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲ တာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထုတို့နှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင်က နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူ လူထု မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု မရှိစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာတိုင်းသို့ သွားရောက်၍ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မိမိရောက်ရှိ နေသည့်ကာလအတွင်း ဒေသခံတိုင်းရင်းသားပြည်သူ များအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြကြ စေလိုကြောင်း၊ တင်ပြချက်များအပေါ်မူတည်၍ ဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဆောင်ရွက် ပေးပြီး အချိန်ယူဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ ကို ဘဏ္ဍာရေးနှစ်များအလိုက် လျာထားသတ်မှတ်၍ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်း လုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်း ရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ထောင်စုများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုလာ ပြားများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ ဗဟုသုတ ရဖွယ် သုတ၊ ရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ First Aid Kit များနှင့် ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ထောက်ပံ့လှူဒါန်းပေးအပ်ကြရာ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ကျောင်းအုပ် ဆရာကြီးများနှင့် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူ များက လက်ခံရယူကြသည်။
ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြ ကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးကြကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် အောင်သုခကျောင်းတိုက်ဆရာတော် ဦးကောသလ္လအား ဖူးမြော်ကန်တော့၍ ပန်းပေါင်းစုံ ဘုရားဆင်းတုတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင် ရာ ကဏ္ဍအလိုက် ဆောင်ရွက်ကြရာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများ အား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးခြင်း၊ နေပြည်တော်ကုသရေးဦးစီးဌာနမှ နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ထိန်ပြောင်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက် နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နေပြည်တော်လမ်းဦးစီးဌာနမှ ကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ကျေးရွာအတွင်း လျှပ်စစ်မီးရရှိ နိုင်ရေး လိုအပ်သည်များ ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။ သတင်းစဉ်