
နေပြည်တော် မေ ၂၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင် သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် ဥတ္တရသီရိဟိုတယ်၌ ကျင်းပသည့် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၁၁) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်း အနားနှင့် အသင်းသားစုံညီ မိတ်ဆုံညစာစားပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်အား အစိုးရဌာနများရုံးစိုက်ရာ မြန်မာ နိုင်ငံ၏ မြို့တော်အဖြစ် စတင်တည်ထောင်ခဲ့စဉ်တွင် ဟိုတယ်များ ဆယ်ဂဏန်းပင် မပြည့်ခဲ့သော်လည်း ယခုအခါတွင် အစိုးရ-ပုဂ္ဂလိက-ပြည်သူ အားလုံး ဟန်ချက်ညီစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၉၇ လုံး၊ အခန်း ပေါင်း ၆၃၆၀ ခန့် အထိ တိုးတက်ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ (Commercial Flight)ကို ဧပြီ ၁၇ ရက်မှစတင်၍ ပြန်လည်ဆင်းသက် ခွင့်ပြုခဲ့ပြီးနောက်ပိုင်းတွင် ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လျက်ရှိပါကြောင်း၊ ယခုအခါ ကမ္ဘာလှည့်ခရီးသည်များအား e-Visa လျှောက်ထားမှုကို မေ ၂၀ ရက်မှ စတင်ခွင့်ပြုပေးလျက်ရှိသည့်အတွက် ကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမို ဝင်ရောက်လာတော့မှာဖြစ်သည့်အတွက် နေပြည်တော်ရှိ ဟိုတယ်များအနေဖြင့် အဆင်သင့်ဖြစ်နေစေရေးအတွက် ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ပြင်ဆင် ကြရာတွင် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေသော ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ် (HSP) များအား ဒေသအဆင့် ရယူခြင်းအပြင် အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်များကိုပါ ရယူထားကြရန် လိုအပ်မည်ဖြစ်ရာ ကျန်းမာရေးအသိ သတိဖြင့် လုပ်ဆောင်ကြရန် အရေးကြီးပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်/မိုတယ်/တည်းခိုရိပ်သာ များအနေဖြင့်လည်း ဧည့်သည်များ လက်ခံကြရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် တည်းခိုနေထိုင်ခွင့် ပေးခြင်းအပြင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသော တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာသွားကြရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဝန်ကြီးဌာနက ဧည့်စာရင်းတိုင်ကြားမှုစနစ် အဆင်ပြေ ချောမွေ့စေရေးအတွက် ရည်ရွယ်ပြုလုပ်ထားရှိသော Hotel Guest List Management System ကိုလည်း ကျင့်သုံးကြရန် တိုက်တွန်းလိုပါကြောင်း၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက အသင်းဖွဲ့စည်းတည်ထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းဥက္ကဋ္ဌ တို့က အသင်းဖွဲ့စည်းခဲ့မှု သက်တမ်းအလိုက် တာဝန် ထမ်းဆောင်ခဲ့ကြသော ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး များနှင့် အလုပ်အမှုဆောင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး အသင်းကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သူအားလုံး၏ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်