နေပြည်တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နေပြည်တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၁၆ / ၂၀၂၃
၁၃၈၄  ခုနှစ်၊  တပို့တွဲလဆန်း  ၁၁  ရက် 
( ၂၀၂၃ ခုနှစ်၊  ဇန်နဝါရီလ  ၃၁  ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။     ဤဥပဒေကို နေပြည်တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။    နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၁ဝ တွင် -
    (က)    ပုဒ်မခွဲ (ဏ)၏ နောက်တွင် ပုဒ်မခွဲ (တ)နှင့် ပုဒ်မခွဲ (ထ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
        “(တ)     ကော်မတီက မိမိ၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို  ကျင့်သုံးဆောင်ရွက်ရာတွင်  တာဝန်ပေးအပ်ထားသည့် အဖွဲ့၊ အဖွဲ့ဝင်နှင့် အရာထမ်း၊ အမှုထမ်းများ၏ တာဝန်ဝတ္တရားဆောင်ရွက်ခြင်းကို ဟန့်တားနှောင့်ယှက်သူများအား အရေးယူခြင်း၊
        ( ထ )    စည်ပင်သာယာရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် ရငွေ၊ အခွန်အခများ၊ စီမံခန့်ခွဲမှုဒဏ်ကြေးနှင့် တရားရုံးဒဏ်ငွေများကို စီမံခန့်ခွဲခြင်း၊”
    ( ခ )     မူလပုဒ်မခွဲ(တ)ကို ပုဒ်မခွဲ (ဒ)အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။
၃။    နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၄ တွင် ပါရှိသော “ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ”ဆိုသည့်စကားရပ်ကို “ကျပ်ခုနစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၄။    နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၆ တွင် ပါရှိသော  “သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ”ဆိုသည့်   စကားရပ်ကို  “ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ”ဆိုသည့် စကားရပ်ကို “ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ”ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း အသီးသီးအစားထိုးရမည်။
၅။    နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃ ၏ နောက်တွင် ပုဒ်မ ၃၃-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “၃၃-က။    ကော်မတီကရရန်ရှိသည့် အခွန်ကြွေးကျန်များကို  ပေးဆောင်ရန်ပျက်ကွက်ပါက  ထိုအခွန်ကြွေးကျန်များကို မြေခွန်         မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။” 
၆။    နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၇ ၏ နောက်တွင် ပုဒ်မ ၃၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “၃၇-က။     ကော်မတီသည်  ဤဥပဒေအရ ထုတ်ပြန်ထားသည့်  နည်းဥပဒေ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြား 
            ချက်များပါ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူများကို တပ်ရိုက်သည့်  ဒဏ်ကြေးငွေများနှင့်စပ်လျဉ်း၍  
             သက်ဆိုင်ရာဌာနအသီးသီးသို့ ရာခိုင်နှုန်းသတ်မှတ်၍ ဆုကြေးငွေအဖြစ် ချီးမြှင့်နိုင်သည်။”


    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

    (ပုံ) မင်းအောင်လှိုင် 
    ဗိုလ်ချုပ်မှူးကြီး
    ဥက္ကဋ္ဌ
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ