
နေပြည်တော် ဧပြီ ၁၉
နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
ငွေကျပ်သိန်း ၁၈၀၀၀ ကျော်
နစ်နာဆုံးရှုံး
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အရ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ကော်မတီဝင်(၅)ဟောင်းဦးဆန်းနိုင်တို့သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က ပုဗ္ဗသီရိမြို့နယ် ဉာဏဒီပ ရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် မေ ၄ ရက် ရက်စွဲ ပါစာအမှတ်၊ ၁၂၆(၁)/၈/သမ္မတရုံးဖြင့် ထုတ်ပြန် ထားသော နိုင်ငံတော်ပိုင်မြေကွက်များ ရောင်းချရငွေ များကို နိုင်ငံတော်သို့သာ ပေးအပ်ရန် ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တို့ကို လိုက်နာခြင်းမရှိဘဲ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အထွေထွေ မြေကွက်များ ရောင်းချရသည့်ငွေမှ ငွေကျပ် သိန်း ၁၈၀၀၀ ကျော်ကို သုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း ၁၈၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာ မျိုးအောင်၊ ကော်မတီဝင် (၅)ဟောင်း ဦးဆန်းနိုင်တို့သည် ပုဗ္ဗသီရိမြို့နယ် ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း တို့ကို ဆောင်ရွက်ရာတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန် မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၉၆ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာ ငွေကျပ်သိန်း ၇၈၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာ မျိုးအောင်၊ ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင်တို့သည် ဒက္ခိဏ သီရိမြို့နယ် ထန်းတပင် တောရကျောင်းအနီး မြေကွက် ၃၅ကွက် ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန်မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၃၅ ကွက်ကို မြေကြီး Level ညှိခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော် အနေဖြင့် ပြည်သူ့ဘဏ္ဍာ ငွေကျပ်သိန်း ၃၉၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မိုးသောက်ပန်း လမ်းအတွင်းရှိ မြေ ၀ ဒသမ ၇၅ ဧကကို စားသောက် ဆိုင်လုပ်ငန်းလုပ်ကိုင်မည့် ပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြု ချထားပေးခဲ့ရာတွင် နေပြည်တော်စည်ပင်သာယာ ရေး ဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူမှုမရှိခြင်း၊ အများပြည်သူများ သို့ စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest- EOI) ခေါ်ယူပြီး ပွင့်လင်းမြင်သာစွာ ကြော်ငြာ ရောင်းချမှုမရှိဘဲ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေး ဖြင့်သာ ဆုံးဖြတ်၍ ငွေကျပ်သိန်း ၁၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ်သိန်း ၅၀၀ ခန့်နစ်နာခဲ့ကြောင်း။
တရားစွဲဆို
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့သည် နေပြည်တော်မြို့မဈေး အငြိမ်းစားဝန်ထမ်းအိမ်ရာ အနီး ပျဉ်းမနား-တောင်ညိုလမ်း၏ တောင်ဘက်ရှိ မြေဧက ငါးဧကကျော်ကို Shopping Mall ဖွင့်လှစ် လုပ်ကိုင်နိုင်ရန် ကုမ္ပဏီတစ်ခုသို့ ရောင်းချပေးရာတွင် နေပြည်တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူမှု မရှိခြင်း၊ အများပြည်သူများသို့ စိတ်ဝင်စားမှု အဆိုပြု လွှာ (Expression of Interest- EOI) ခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ ကြော်ငြာ၍ ရောင်းချမှုမရှိဘဲ မြေငါးဧကကို တစ်ဧကလျှင် ငွေကျပ်သိန်း ၁၀၀၀ နှုန်းဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့ကြောင်းတို့ စစ်ဆေးပေါ်ပေါက်သဖြင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ် (၁) မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်း ပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
သတင်းစဉ်