
နေပြည်တော် မေ ၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ မေ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များ၏ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ပေးရေးနှင့် ထောက်ပံ့ငွေချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ် ချက်များကို တင်ပြပေးစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးနှင့် ဆရာ ဆရာမများ အောင်မြင်စွာ သင်ကြားပို့ချနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာန ဆိုင်ရာများက ပေါင်းစပ်ဆောင်ရွက်ပေးစေလို ကြောင်း၊ တက္ကသိုလ်များ ဖွင့်လှစ်ချိန်တွင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများရှိပါက ထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များက တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင် ရွက်မည့်ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြ သည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တက္ကသိုလ်/ ဒီဂရီ ကောလိပ်များအား တစ်ကျောင်းလျှင် ငွေကျပ် ငါးသိန်းနှုန်းကို သက်ဆိုင်ရာ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များထံ ထောက်ပံ့ ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)