နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားပြေးဆွဲမည်

 

 

ရန်ကုန်    ဧပြီ    ၆


မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဧပြီ ၉ ရက်မှ ၁၇ ရက် အထိ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ သွားလာမှုအဆင်ပြေ ချောမွေ့စေရန်   နေပြည်တော်-ရန်ကုန်  သင်္ကြန်အထူးရထားအား မြန်မာ့မီးရထားမှ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်အထူးရထားသည်   ဧပြီ   ၈   ရက်   ည   ၇  နာရီတွင် နေပြည်တော်မှ ထွက်ခွာ၍ ရန်ကုန်မြို့သို့ နံနက်ပိုင်းတွင် ရောက်မည် ဖြစ်ပြီး ဧပြီ ၁၇ ရက် ည ၇ နာရီတွင် ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။ 

 


ဧပြီ ၄ ရက်မှ ၁၀ ရက်အထိ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန်၊ အမှတ်(၄) အစုန်အမြန်ရထား၊ ဧပြီ ၁၇ ရက်မှ ၂၂ ရက်အထိ အမှတ်(၃)အဆန်၊ အမှတ်(၄) အစုန်အမြန်ရထားများ ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန် - ပြည် အမြန်ရထားအား ရပ်နား၍ ကျန်ရထားများ ပုံမှန်ပြေးဆွဲမည်ဖြစ်သည်။

 


သင်္ကြန်ကာလတွင် ရန်ကုန်မြို့ပတ်ရထားအချို့ကို ရပ်နားထား မည်ဖြစ်ရာ လက်ရှိပြေးဆွဲနေသော မြို့ပတ်ရထား ငါးစင်းတွင် လက်ဝဲ ရစ်နှင့် လက်ယာရစ် မြို့ပတ်ရထားနှစ်စင်း ပြေးဆွဲသွားမည်ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင်    ရထားများကြံ့ခိုင်ရေး အတွက် ကျန်သောမြို့ပတ်ရထားများကို အနားပေးသွားမည်ဖြစ်သည်။ ရန်ကုန်-ပဲခူးရထားအား ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရပ်နားထား မည်ဖြစ်ပြီးရန်ကုန်-အင်းစိန်-ဥက္ကံရထားကိုလည်း   သင်္ကြန်ကာလ၌   ယာယီရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။ 

 


“သင်္ကြန်ကာလမှာ    နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထား     ပြေးဆွဲပေး သွားမှာပါ။ နေပြည်တော်က ဝန်ထမ်းတွေ ဧပြီ ၉ ရက်ကစပြီး ရုံးပိတ်မှာဖြစ်တဲ့အတွက်   ၈  ရက်  ညပိုင်းမှာ နေပြည်တော်ဘူတာကြီးကနေ   ရန်ကုန်မြို့ကို သင်္ကြန်အထူးရထား    ပြေးဆွဲသွားဖို့   ရှိပါတယ်။   ရန်ကုန်ဘူတာကြီးက  ဧပြီ ၁၇ ရက် ည ၇ နာရီမှာ နေပြည်တော်ကို ပြန်လည်ပြေးဆွဲသွားမှာပါ” ဟု  ရန်ကုန်ဘူတာကြီးမှ  ရုံပိုင်ချုပ် ဦးသောင်းထိုက်က ပြောသည်။

 


မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလတွင် ရန်ကုန်-ပြည်   အမြန်ရထား   ရပ်နား ထားသော်လည်း  အများပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေရန် ပြည်စာပို့ရထားပြေးဆွဲမှုနှင့်အတူ ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၁) အဆန်စာပို့ရထားကို ပြေးဆွဲသွားမည်ဖြစ်ပြီး ဝန်ထမ်းများနှင့် အများပြည်သူတို့အတွက် သင်္ကြန်အထူး ရထားအဖြစ် နေပြည်တော်-ရန်ကုန် အထူးရထားအား ဧပြီ ၈ ရက်ညပိုင်းနှင့် ရန်ကုန်-နေပြည်တော် အထူးရထားအား   ဧပြီ  ၁၇  ရက်  ညပိုင်းတို့တွင် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။                            

ညိမ်းသူ(သတင်းစဉ်)