
နေပြည်တော် ဇူလိုင် ၂၇
နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့မျိုးသန့်ပွားများရေး ဆောင်ရွက်မှု ရှင်းလင်းဆွေးနွေး ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပသည်။
တက်ရောက်
ရှင်းလင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ သုတေသနပညာရှင်များ၊ မျိုးသန့်မျိုးပွားလုပ်ငန်း နှင့် တောင်သူပညာပေးလုပ်ငန်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးရာသီ နှင့် မိုးနှောင်းရာသီများတွင် ဆောင်ရွက်မည့် မျိုးသန့် ပွားများရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က နေကြာသီးနှံ မျိုးစေ့ထုတ်လုပ်ငန်းကို ဌာနပိုင်ခြံ များတွင် မျိုးသန့်မျိုးပွားမှုလုပ်ငန်း အဆင့်အလိုက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် နေကြာ မျိုးစေ့ ဖူလုံရေးအတွက် ဌာန၊ တောင်သူ၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် သုတေ သနဖွံ့ဖြိုးရေး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နေမှု ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက နေကြာသီးနှံကို အဓိကစိုက်ပျိုးမည့်ဒေသ များ၊ သီးထပ်သီးညှပ် စိုက်ပျိုးမည့်ဒေသများကို ဧရိယာအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ရေအသုံးချသူအဖွဲ့များနှင့် စနစ်တကျလယ်ယာမြေ ဖော်ထုတ်လုပ်ကိုင်နေသူ တောင်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရေမြေအခြေအနေ သင့်တော်သည့် ဧရိယာများတွင် မျိုးစေ့ထုတ်ဇုန်များ ဆောင်ရွက်ရန်၊ နေကြာမျိုးစေ့ထုတ်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကျိုးဆောင်တောင်သူ များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်နိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ သုံးစွဲနိုင်ရေးအတွက် ဌာန နှင့် ပုဂ္ဂလိက လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှု များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ကြရန်၊ ဆက်စပ်ဌာနများ၏ ပူးပေါင်းမှုအားကို ရယူ ဆောင်ရွက်ရန်၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် ဆီစက်ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ဆောင်ရွက်လိုသူများ ဖိတ်ခေါ်အားပေးဆောင်ရွက် ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် တပ်ကုန်းစိုက်ပျိုးရေး သုတေ သနခြံတွင် နေကြာမျိုးသန့် မျိုးပွားစိုက်ပျိုးနေမှု၊ ရေဆင်း စပ်မျိုး နေကြာ-၁ မိဘလိုင်းများ မျိုးသန့်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အလားအလာကောင်းသော ထုတ်ဝေပြီး စပ်မျိုးပြောင်း စိုက်ခင်းတို့ကို ကြည့်ရှု စစ်ဆေးအားပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှားတောကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စနစ်ကျလယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းမြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ဧက ၁၂၀၀ အကျိုးပြု
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ ရှောက်ကုန်း၊ ကျားသေအိုင်၊ နွယ်ရစ်ကျေးရွာများတွင် အချင်း ၁၀ လက်မရှိ စက်ရေတွင်းများဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးသည့် စက်ရေ တွင်း ၂၅ တွင်းမှ စိုက်ပျိုးမြေဧရိယာ ဧက ၇၅၀ ကို စိုက်ပျိုးရေပေးဝေနေမှု၊ ဆောင်ရွက်ဆဲ စက်ရေတွင်း ငါးတွင်းနှင့် ဆက်လက်ဆောင်ရွက်မည့် စက်ရေတွင်း ၁၀ ခု ပြီးစီးပါက စိုက်ပျိုးမြေ ဧရိယာ ဧက ၁၂၀၀ ကို အကျိုးပြုနိုင်မည့် အခြေအနေများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်