ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အုပ်စု (G) မှ နယ်သာလန်အသင်းနှင့် နော်ဝေအသင်းတို့ ပွဲစဉ် ကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက နယ်သာလန် အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ နယ်သာလန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲသို့ တိုက်ရိုက်အောင်မြင်ခဲ့ပြီ ဖြစ်သည်။ နယ်သာလန်အသင်းအတွက် သွင်းဂိုးများကို ဘာ့ဂ်ဝင့်နှင့် ဒီပေးတို့က သွင်းယူပေးခဲ့သည်။
နယ်သာလန်အသင်းသည်     ယခုနိုင်ပွဲကြောင့် အုပ်စု ဒုတိယနေရာမှ  တူရကီအသင်းထက်  နှစ်မှတ်အသာဖြင့် ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။     ထို့အပြင်    နယ်သာလန်အသင်းသည်   ပြီးခဲ့သည့်  ၂၀၁၈ ခုနှစ် ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်    မရရှိခဲ့သော်လည်း   လာမည့်နှစ်တွင်  ကျင်းပမည့်  ၂၀၂၂ ခုနှစ်  ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့    ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။   ပြိုင်ဘက်   နော်ဝေအသင်းသည်  ယခု ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သောကြောင့်  ရမှတ် ၁၈ မှတ်ဖြင့်    အုပ်စု တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ကာ Play Offs ကစား ပြီး ခြေစစ်ပွဲအောင်နိုင်မည့်   အခွင့်အရေးနှင့်လည်း  လွဲချော် ခဲ့ရသည်။ 
ပထမပိုင်းတွင်        နှစ်သင်းစလုံး       ဂိုးမသွင်းနိုင်ဘဲ  နယ်သာလန်အသင်းအတွက်  အဖွင့်ဂိုးကို  ပွဲချိန် ၈၄ မိနစ် တွင် ဒန်ဂျူမာ၏   ဖန်တီးမှုမှ  ဘာ့ဂ်ဝင့်က သွင်းယူပေးပြီး ဒုတိယဂိုးကို ပွဲချိန်ပြည့်ခါနီးတွင်   ဘာ့ဂ်ဝင့်၏  ဖန်တီးမှုမှ တစ်ဆင့်ဒီပေးက သွင်းယူပေးနိုင်ခဲ့သည်။ 
အခြားသော     ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်များတွင် ယူကရိန်းက ဘော့စနီးယားကို နှစ်ဂိုး-ဂိုးမရှိ၊ ပြင်သစ်က   ဖင်လန်ကို    နှစ်ဂိုး- ဂိုးမရှိ၊ ချက်က   အက်စတိုးနီးယားကို    နှစ်ဂိုး-ဂိုးမရှိ၊    လတ်ဗီးယားက ဂျီဘရောလ်တာကို  သုံးဂိုး-တစ်ဂိုး၊ တူရကီက   မွန်တီနီဂရိုးကို နှစ်ဂိုး-တစ်ဂိုး ဖြင့်   အနိုင်ရရှိခဲ့ပြီး    ဝေးလ်နှင့်   ဘယ်လ်ဂျီယံအသင်းတို့ ပွဲစဉ်တွင်  တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ 
 
အောင်ဇော် 
 
      


