
နောင်တရား ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင် တရားမြို့၌ ကယားပြည်နယ်မှ ခေတ္တခိုလှုံရောက်ရှိနေသည့် နေရပ် စွန့်ခွာပြည်သူများ၏ ကလေးငယ်များကို အခြေခံဘာသာရပ်များ ဖြစ်သည့် မြန်မာစာ၊ သင်္ချာနှင့် အင်္ဂလိပ်စာ စသည့်ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။
ကယားပြည်နယ်မှ ခေတ္တခိုလှုံရောက်ရှိနေသည့် နေရပ်စွန့်ခွာ ပြည်သူများ၏ ကလေးငယ်များ အသိပညာတိုးပွားစေရန်၊ ကျောင်း စာပေနှင့် အလှမ်းမဝေးစေရန်အတွက် နောင်တရားမြို့ ပရဟိတလူငယ် များမှ ကလေးငယ်များကို ကျောင်းစာပေများ သင်ကြားပေးလျက်ရှိသည်။ “ကျောင်းသားလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေလိုအပ်နေပါတယ်။ ကလေးတွေလည်း ကျောင်းစာတွေနဲ့ အလှမ်းမဝေးအောင်၊ အသိပညာဗဟုသုတတွေလည်း တိုးပွားစေချင်လိုပါ” ဟု နေရပ်စွန့်ခွာ ပြည်သူများ၏ ကလေးငယ်များကို စာပေသင်ကြားပေးနေသည့် ဆရာမ တစ်ဦးက ပြောသည်။
နောင်တရားမြို့၌ ရတနာရန်နိုင်စေတီတော်ဓမ္မာရုံ၊ ဗုဒ္ဓဓမ္မတောင်၊ ရွှေဘုန်းပွင့် ပညာဒါနကျောင်းများ၌ ခေတ္တခိုလှုံ ရှောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ် ၁၀၀ ကျော်ကို မြန်မာစာ၊ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)