
နေပြည်တော် စက်တင်ဘာ ၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၈ ရက်တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်း သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ Archaeological Survey of India (A.S.I) အဖွဲ့က ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ဆောင်ရွက်ခဲ့သည့် အာနန္ဒာဘုရား၏ အဆောက်အအုံပိုင်းဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒဆိုင်ရာနည်းစနစ် များဖြင့် နံရံပန်းချီများ ထိန်းသိမ်းခြင်းလုပ်ငန်း၊ ထီးလိုမင်းလိုဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာရေးထိုးပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည့် သဗ္ဗညုဘုရားတွင် အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
စနစ်တကျ ထိန်းသိမ်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဆံတော်ဘုရားနှင့် လောကထိပ်ပန်ဘုရားသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး က ရွှေဆံတော်ဘုရားတွင် ဂေါပကရုံးနှင့် အခြား တည်ဆောက်ရေးလုပ်ငန်းများ ယခုထက် ထပ်မံ တိုးချဲ့မှု မပြုစေရေး သက်ဆိုင်ရာဌာနများက ကြပ်မတ်ဆောင်ရွက်သွားရန်၊ လောကထိပ်ပန် ဘုရားရှိ တန်ဖိုးမဖြတ်နိုင်သော နံရံဆေးရေးပန်းချီ များကို ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းမှု အခြေအနေများကို နိုင်ငံတကာပညာရှင်များက လေ့ကျင့်ပေးထားခဲ့သည့်ဌာနမှ ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများဖြင့် စနစ်တကျ ထိန်းသိမ်းဆောင်ရွက် သွားရန်နှင့် မျိုးဆက်သစ်များကိုလည်း လေ့ကျင့် ပေးရင်း ထိန်းသိမ်းသွားရန်လမ်းညွှန်မှာကြားသည်။
ကြိုတင်ပြင်ဆင်ထား
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ပုဂံရှုမြင်ကွင်းကြည့်ရှုနိုင်သည့် စူဠာမဏိစေတီ အနီးရှိ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်း သို့ လည်းကောင်း၊ စူဠာမဏိဘုရားသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဒေသဖြစ်သည့်အတွက် သမိုင်း တန်ဖိုးနှင့် ယဉ်ကျေးမှု တန်ဖိုးမြင့်မားသဖြင့် ရေရှည် တည်တံ့စေရေးနှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ထိန်းသိမ်း ရာတွင်လည်း ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ဆက်လက်ထိန်းသိမ်းရန်၊ နိုင်ငံတော်က လက်ခံထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် ကိုက်ညီသည့် ထိန်းသိမ်းမှုနည်း စနစ်များနှင့်အညီ ဆောင်ရွက်ရန်၊ ရှေးဟောင်း အဆောက်အအုံများအား ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်၊ UNESCO ၏ ထိန်းသိမ်းရေးလမ်းညွှန် ချက် စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်၊ နောင်တွင် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း တွက်ဆ၍ ရှေးဟောင်းအဆောက်အအုံများ ကြံ့ခိုင်မှု ရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်