နောင်မွန်းမြို့နယ်၌ လမ်းကမ်းပါးယံပြိုကျမှုကြောင့် ယာဉ်ဖြတ်သန်းသွားလာမှု ပိတ်ဆို့

နောင်မွန်း    ဇွန်   ၂၀
နောင်မွန်းမြို့နယ်၌    နှစ်ပတ်ခန့်   မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-‌ ‌‌နောင်မွန်းကားလမ်းမ‌ပေါ် တွင်  တောင်ကမ်းပါးယံပြိုကျမှုနှင့်  တံတားချဉ်းကပ်လမ်းမြေသား ရေတိုက်စားပြီး ပြိုကျမှုများရှိခဲ့ကာ ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်မှ စတင်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
အဆိုပါ    မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်   နောင်မွန်းမြို့နယ် မိုင်တိုင် ၈၁ နှင့် ၈၂ ကြားတွင်    အရှည် ပေ ၂၀၀ အမြင့် ၁၅၀ ခန့်‌ ကားလမ်းပေါ် တောင်ကမ်းပါးယံပြိုကျမှုနှင့် မိုင်တိုင် ၆၂ အနီး ငါးပေ Box culvert တံတားချဉ်းကပ်လမ်း ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သည်။
လမ်းပိတ်ဆို့မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနမ်ရဲမင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ လမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက စက်ယန္တရားများဖြင့် သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ သော်လည်း မိုးအဆက်မပြတ်  ဆက်လက်ရွာသွန်းမှုကြောင့်  တောင်ကမ်းပါးယံ ပြိုကျမှုများဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ယာဉ်နှင့် အများပြည်သူ လုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် အချိန်နှစ်ရက်ခန့် ရှင်းလင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်ထံမှ သိရသည်။             
မြို့နယ်(ပြန်/ဆက်)