နောင်ချိုမြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

 

 

၂၀၂၂ ခုနှစ် မေလ ၃၁ ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ် ကျောင်းဆောင် အစည်းအဝေးခန်းမအား NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။
အဆိုပါ မိုင်းဖောက်ခွဲမှုကြောင့် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး သုံးဦး မိုင်းစထိမှန် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ ဆရာမ လေးဦးနှင့် အရပ်သားဝန်ထမ်း တစ်ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများ အား  ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့  ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ် ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။
၎င်းအဖျက်လုပ်ရပ်နှင့် ပတ်သက်၍ ယနေ့တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) နှင့် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့က ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်း  သဘောထားထုတ်ပြန်ချက်များကို   အသီးသီးထုတ်ပြန်ခဲ့ကြောင်း     သတင်းရရှိ သည်။                                                                                                                   
 သတင်းစဉ်