
v တောင်ကိုရီးယားနိုင်ငံသည် မေ ၁၇ ရက် သန်းခေါင်ယံ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၃၅၂ ဦး တွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၁၇၈၆၁၇၄၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုပမာဏသည် လွန်ခဲ့သောရက်ကထက် ၃၅၁၁၇ ဦး လျော့နည်းခဲ့သည်။ ထို့အပြင် အထူးကြပ်မတ်ကုသ ဆောင်တွင် ဆေးကုသမှုခံယူနေရသူ ၃၁၃ ဦး ရှိပြီး လွန်ခဲ့သော ရက်ကထက် လူ ၂၀ လျော့နည်းခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၁ ဦးရှိလာသည့်အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၂၃၈၀၂ ဦးအထိ ရောက်ရှိလာပြီ ဖြစ်သည်။
v မလေးရှားနိုင်ငံတွင် မေ ၁၇ ရက် သန်းခေါင်ယံအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၆၉ ဦး ထပ်မံတွေ့ရှိသည့် အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၈၁၂၇၈ ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။ အဆိုပါ ကူးစက် ခံရသူများအနက် သုံးဦးမှာ ပြည်ပပြန်ကူးစက်မှုများဖြစ်ပြီး ၁၄၆၆ ဦးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသော အချက်အလက် များအရ သိရသည်။ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ သုံးဦးရှိသည့်အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၃၅၆၂၃ ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။ ထို့အပြင် ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၈၃၆ ဦး ရှိသည့်အတွက် ဆေးဝါးကုသမှုခံယူပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၄၁၅၁၄၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
v နယူးဇီလန်နိုင်ငံတွင် မေ ၁၈ ရက်က ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၃၂ ဦးနှင့် ရောဂါကူးစက်ခံရသူ ၉၅၇၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူများအနက် ၃၂၉၇ ဦးမှာ နိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သည့် အော့ကလန်မှဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူ နေရသူ ကိုးဦးအပါအဝင် ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေရသည့် လူနာ ၄၂၅ ဦးရှိကြောင်း သိရသည်။ နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၆၆၀၆၂ ဦး ရှိလာပြီ ဖြစ်ဖြစ်သည်။
v ဗီယက်နမ်နိုင်ငံသည် မေ ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၃၁ ဦး ထပ်မံတွေ့ရှိပြီး မေ ၁၇ ရက်ကထက် ၄၅ ဦး မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ကူးစက်ခံရသူများ အနက် တစ်ဦးသာ ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်သောသူ များမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း သိရသည်။ အဆိုပါ ကူးစက်ခံရသူများအနက် ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ကူးစက်ခံရသူ ၄၀၃ ဦး ထပ်မံတွေ့ရှိသည့်အတွက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အချက်အချာနေရာအဖြစ် ရှိနေသေးသည်။